ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၊ အမှတ် (၆)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ကျောင်းသား/ကျောင်းသူလေးများ၏ ဘောလုံးပြိုင်ပွဲအား တက်ရောက်ဆုချီးမြှင့်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၊ အမှတ် (၆)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ကျောင်းသား/ကျောင်းသူလေးများ၏ ဘောလုံးပြိုင်ပွဲအား တက်ရောက်ဆုချီးမြှင့်

မြစ်ကြီးနား     ဇူလိုင် ၁၂

          ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော ကျောင်းသား လူငယ်များ ဖြစ်လာစေရေး၊ ကျောင်းအားကစားမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရေး ရည်ရွယ်၍ မြစ်ကြီးနားမြို့ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား၊ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဇူလိုင် ၁၁ ရက် ညနေ ၄ နာရီတွင် အဆိုပါကျောင်း ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့် တာဝန်ရှိသူများက တက်ရောက်အားပေးသည်။

          နောက်ဆုံးဗိုလ်လုပွဲစဉ်တွင် အမျိုးသမီးဘောလုံးအသင်းများဖြစ်ကြသည့် ဗန္ဓုလအသင်းနှင့် အလောင်းဘုရားအသင်းတို့ ယှဉ်ပြိုင်ကစားကြမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ခရိုင်ပညာ‌ရေးမှူးနှင့် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူလေးများ ကြည့်ရှု အားပေးခဲ့ကြရာ အလောင်းဘုရားအသင်းက ဗန္ဓုလအသင်းအား တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲ သည်။

          ဆက်လက်၍ ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြ သည့် စီးပွား‌ရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးနှင့် ခရိုင်ပညာရေးမှူးတို့က ပထမဆုနှင့် ဒုတိယဆုရ အမျိုးသားဘောလုံးအသင်းနှင့် အမျိုးသမီးဘောလုံးအသင်းတို့အတွက် ဂုဏ်ပြုချီးမြှင့်ငွေ နှင့်တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်များကိုလည်းကောင်း ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရ အမျိုး သားအသင်းနှင့် အမျိုးသမီးအသင်းများအတွက် ဒိုင်းဆုကိုလည်းကောင်း အသီးသီးပေးအပ် ချီးမြှင့် ခဲ့ကြသည်။

          အဆိုပါ ကျောင်းကောင်စီဥက္ကဋ္ဌဖလား အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲများကို ဇွန်လ ၂၃ ရက်နေ့က စတင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး ဘောလုံးပြိုင်ပွဲအပြင် ကျောင်းသားလူငယ်များ အတွက် အားကစားပြိုင်ပွဲများကို လအလိုက်  ဘတ်စကတ်ဘော၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ မြန်မာ့ရိုးရာအလှခတ်ပြခြင်း၊ ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲများကိုလည်း ဆက်လက် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့်အတူ ဇူလိုင် ၁၂ ရက် (ဝါဆိုလပြည့်နေ့) နံနက်ပိုင်းက မြစ်ကြီးနားမြို့၊ အောင်နန်း ရိပ်သာရပ်ကွက်အတွင်း အောင်ချမ်းသာဘုရား၊ မြသိန်းတန်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအဖွဲ့၊ အောင်ချမ်းသာအခမဲ့လူမှုကူညီရေးအသင်းဝင်များနှင့်ရပ်ကွက်/ရပ်ကွက်သား များ၏ စုပေါင်းဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြပြီး မဟာစည်သာသနာ့ရိပ်သာ ဆရာတော်အဂ္ဂမဟာ ကမ္မဌာနစရိယဘဒ္ဒန္တအာဒိစ္စဝံသထံ ဝါဆိုသင်္ကန်းကို ဆက်ကပ်လှူဒါန်းခဲ့ကြ ကြောင်းသိရှိရသည်။

ဆက်စပ်နေသော သတင်းများ