ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

မြစ်ကြီးနား ဧပြီ ၁၆
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် ဆုရပြိုင်ပွဲဝင် ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့ သင်္ကြန်အတက်နေ့ ညနေ ၄ နာရီတွင် မြစ်ကြီးနားမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့်ဇနီး၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ပိတ်ပွဲအခမ်းအနားကို ယိမ်းအဖွဲ့များက ယိမ်းအကလှများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြပြီး ဆုရယိမ်းအဖွဲ့များအား ဆုချီးမြှင့်ရာတွင် စီဒီခွေသင်္ကြန် သီချင်းနှင့် ကိုယ်ပိုင်သံစဉ်/စာသား/ ဆိုင်းဝိုင်းပြိုင်ပွဲဝင်ယိမ်းအဖွဲ့များအနက် ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆုများနှင့် နှစ်သိမ့်ဆုရယိမ်းအဖွဲ့များအား ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဇနီးတို့က ဆုဖလား၊ ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး၊ ကိုယ်ပိုင်သံစဉ်/ စာသား၊ ဆိုင်းဝိုင်းဖြင့် ပြိုင်ပွဲဝင် ပထမ၊ ဒုတိယနှင့် တတိယဆုရယိမ်းအဖွဲ့များအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် ဇနီး၊ ဒုတိယတိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်တို့က ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဆုငွေနှင့် ဆုတံဆိပ်တို့ကို ပေးအပ်ချီးမြှင့် ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ပြိုင်ပွဲများအတွင်း အကဲဖြတ်ဒိုင်အဖွဲ့ကိုယ်စား မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်အား ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ပြီး ဆုရယိမ်းအဖွဲ့များက သင်္ကြန်တေးသီချင်း အကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ပွဲတော်ကို အောင်မြင်စွာပိတ်သိမ်းလိုက်ကြောင်းနှင့် ၁၃၈၄ ခုနှစ် မင်္ဂလာနှစ်သစ်ကို ကြိုဆိုလိုက် ကြောင်း ကြေညာပြီး ယိမ်းအဖွဲ့များ၏ “ မန်းတောင်ရိပ်ခို ” တေးသီချင်းဖြင့် အဖွဲ့လိုက် ကပြဖျော်ဖြေ ရာ ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက အတာရေများ ပျက်ဖြန်းပေးကြကာ မဟာသင်္ကြန်ပွဲတော်အား ပိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။



