ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိ စာစစ်ဌာနများ၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္ဇမနေ့အဖြစ် ရူပဗေဒနှင့် သမိုင်းဘာသာရပ် အေးချမ်းစွာဖြေဆိုနေမှုအား လိုက်လံ ကြည့်ရှုအားပေး၊ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက်(၂၃)နှစ်အောက် (အမျိုးသား) ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲနှင့် ပြည်နယ်လက်ရွေးစင်တိုက်ကွမ်ဒိုအသင်းအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်

မြစ်ကြီးနား   ဇွန် ၂၀

         ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကချင်ပြည်နယ်အတွင်း မြို့နယ်(၁၂)ခုတွင် စာစစ် ဌာန (၂၂)ခု ဖွင့်လှစ်၍ ဇွန် ၁၆ ရက်နေ့မှစတင်၍ အေးချမ်းစွာကျင်းပပြုလုပ်စစ်ဆေးလျက်ရှိရာ ယနေ့ ဇွန် ၂၀ ရက်နေ့တွင် စာမေးပွဲပဉ္ဇမနေ့အဖြစ် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်များ စစ်ဆေးကျင်းပမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ စာမေးပွဲဖြေဆိုလျက်ရှိသော ကျောင်းသား/ ကျောင်းသူများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

          ထိုသို့ သွားရောက်ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ ပြည်နယ်ပညာရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိနှင့်အတူ မြစ်ကြီးနားမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ စာမေးပွဲဖြေဆိုရန်လာရောက်ကြသည့် ကျောင်းသား/ ကျောင်းသူများအား ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံစိတ်ချစွာလာရောက်နိုင်ရေး၊ စည်းကမ်းချက်များနှင့်အညီ ဖြေဆိုနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ကျ ဆရာ/ဆရာမများက ကြီးကြပ်ကူညီဆောင်ရွက်ပေးနေမှု၊ ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းသား မိဘများအား နှုတ်ဆက်အားပေးခဲ့ကြပြီး စာသင်ခန်းများအတွင်း ဘာသာရပ်အလိုက် အေးချမ်းစွာဖြေဆိုနေမှု၊ ကြီးကြပ်ရေးအဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် စနစ်တကျ စုဖွဲ့ထားသော အဖွဲ့အစည်းများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာ ပိုက်ကျော်ခြင်းအားကစားရုံ၌ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ်အဖြစ် ပြည်နယ်ဝန်ကြီးချုပ်ဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက်(၂၃)နှစ် အောက် (အမျိုးသား) ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

          အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ပြိုင်ပွဲသည် လူငယ်လူရွယ် များ၏ စွမ်းရည်နှင့် စည်းလုံးညီညွတ်မှုတို့ကို ပြသသည့်အနေဖြင့် ပြိုင်ပွဲဝင် ရပ်ကွက်/ကျေးရွာများ အားလုံးက အားကစားသမားများကို အထူးကြိုဆိုဂုဏ်ယူပါကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် ယှဉ် ပြိုင်ရင်း၊ ပေါင်းသင်းဆက်ဆံရင်းဖြင့် သင်ယူကြရန်၊ မိမိကိုယ်ကို စိန်ခေါ်၍ အောင်မြင်မှုအတွက် အားကစား သမာဓိ ကိုတော့ အမြဲဦးစားပေးကြရန် တိုက်တွန်းလိုပါကြောင်းနှင့် ပြိုင်ပွဲအား ယခုအချိန်မှ စတင်ဖွင့်လှစ်ပေးပါကြောင်း ပြောကြားသည်။

          ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်းပေါင်း (၂၆)သင်းမှ အုပ်ချုပ်သူ၊ နည်းပြ၊ ကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး ဖွင့်ပွဲအထိမ်းအမှတ် အေရိုးဗစ်အကနှင့် ခေတ်ပေါ်တေးသီချင်း သရုပ်ဖော်အကအလှတို့ဖြင့် ဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုအားပေးခဲ့ ကြသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲတွင် ကြီးကြပ်အမှတ်ပေးဆောင်ရွက်ကြမည့် ဒိုင်အဖွဲ့၊ ဘင်ခရာအဖွဲ့၊ သရုပ်ပြအဖွဲ့များနှင့် ဆိုင်းဘုတ်ကိုင်ကျောင်းသူများ၊ ပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား/သင်တန်းသူများအတွက် ချီးမြှင့်ငွေများကို လည်းကောင်း၊ ပြည်နယ်ပိုက်ကျော်ခြင်းဆပ်ကော်မတီ ဥက္ကဋ္ဌက ပြည်နယ်ပိုက်ကျော်ခြင်းအသင်း အောင်နိုင်ရေးအတွက် ချီးမြှင့် ငွေကျပ်သိန်း ၂၀ တို့ကို လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပြီး အဖွင့်ပွဲစဉ်အဖြစ် အမျိုးသား (၄) ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

          ထို့အတူ မွန်းလွဲပိုင်းတွင်လည်း ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊  တာဝန်ရှိသူများသည် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ စာမေးပွဲဖြေဆိုပြီး ပြန်လည်ထွက်ခွာလာသော ကျောင်းသား/ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြပြီး အာဟာရဖြစ် မုန့်နှင့်အချိုရည်ဘူးများကို ဝေငှကျွေးမွေးခဲ့ကြကာ ကျောင်းသား / ကျောင်းသူများနှင့် ကျောင်းသားမိဘများအား နှုတ်ဆက်အားပေးခဲ့သည်။

ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြည်နယ်အတွင်းရှိ မြို့နယ် (၁၂) မြို့နယ်တွင် စာစစ်ဌာန (၂၂)ခုဖွင့်လှစ်၍ စာရင်းရှိ ကျောင်းသား/ ကျောင်းသူ (၈၆၉၆)ဦး ရှိသည့်အနက် ယနေ့ပဉ္ဇမနေ့အဖြစ်ရူပဗေဒဘာသာရပ် တွင် (၇၁၀၂)ဦးနှင့် သမိုင်းဘာသာရပ်တွင် ဖြေဆိုသူဦးရေ (၁၄၈၀)ဦးဖြင့် စုစုပေါင်းဖြေဆိုသူဦးရေ (၈၅၈၂)ဦး ဖြေဆိုလျက်ရှိပြီး စာမေးပွဲ ဖြေဆိုစဉ် ကာလအတွင်း စာစစ်ဌာနအသီးသီး၌ ကျောင်းသား/ ကျောင်းသူများ  အေးချမ်းတည်ငြိမ်စွာ ဖြေဆိုနိုင်ရေး တပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ ရပ်မိ/ ရပ်ဖများနှင့် လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြသည်။

ထို့အတူ မွန်းလွဲပိုင်းတွင်လည်း ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တိုက်ကွမ်ဒိုအားကစားပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင်တိုက်ကွမ်ဒိုအသင်းအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်လက်ရွေးစင် တိုက်ကွမ်ဒိုအသင်း အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများက ဂါဝရပြုမိတ်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဂုဏ်ဆောင်အားကစားသမားများဖြစ်လာစေရေး၊ ဆုတံဆိပ်များ ဆွတ်ခူးရရှိစေရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားယှဉ်ပြိုင်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်နယ်၏ အားကစားကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်စွမ်းသမျှ အစွမ်းကုန် ကြိုးစားကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း အားပေးပြောကြား။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်လက်ရွေးစင် တိုက်ကွမ်ဒိုအသင်း အုပ်ချုပ်သူ၊ နည်းပြနှင့် ကစားသမားများထံ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေကျပ် ၃၈ သိန်းကိုပေးအပ်ရာ အသင်းနည်းပြက ကျေးဇူးတင်စကားနှင့် အောင်နိုင်ရေးအတွက် ကတိပြုပြောကြားခဲ့ကြောင်း သိရသည်။