ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆွမ်ပရာဘွမ်မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆွမ်ပရာဘွမ်မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား အောက်တိုဘာ ၂၆

မြစ်ကြီးနားနှင့် ပူတာအိုခရိုင်ချင်းဆက်လမ်းဖြစ်ပြီး ပြည်ထောင်စုလမ်းမကြီးဖြစ်သည့် မြစ်ကြီးနား -ဆွမ်ပရာဘွမ်-ပူတာအိုလမ်း၌ မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းပိုင်းအတွင်း လမ်းလုပ်ငန်းများဆောင်ရွက်နေမှု နှင့် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၂၃ ၊ ၂၄ ရက်တို့တွင် သွား ရောက်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် အောက်တိုဘာ ၂၃ ရက် နံနက် ၈ နာရီတွင် မြစ်ကြီးနားမြို့မှ ဆွမ်ပရာဘွမ်မြို့နယ်သို့ မော်တော်ယာဉ်တန်းဖြင့် ထွက်ခွာခဲ့ပြီး မြစ်ကြီးနား – ဆွမ်ပရာဘွမ် လမ်းပိုင်း (၁၃၂)မိုင်အတွက် မိုင်တိုင်အမှတ် (၆၀/၅)တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကွန်ကရစ်လမ်းခင်း ခြင်းလုပ်ငန်း (၉၄) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်းဆောင် ရွက်သွားမည့်လုပ်ငန်းများနှင့် ပတ်သက်ပြီး ပြည်နယ်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတင်မောင်အုန်းနှင့် လမ်းအထူးအဖွဲ့(၂)မှဒုတိယညွှန်ကြားရေးမှူးတို့က ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်သည် လမ်း တစ်လျှောက် တောင်မြေချဲ့ခြင်း၊ အမာခံလမ်းပုခုံးနှင့် အမာခံလမ်းတည်ဆောက်မှု အခြေအနေတို့ကို ကြည့်ရှု စစ်ဆေးခဲ့ပြီး ၉၉ မိုင် View Point ၌ မြေယာရှုခင်းတည်ဆောက်ထားရှိမှု၊ လမ်းပိုင်းပေါ်ရှိ တံတားအမှတ် (၆/၁၁၁) ဆီနင်ခတံတား (၂၀၄)ပေ၊ သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပြီးစီးမှု အခြေအနေများ နှင့် (၁၃၁)မိုင် ဆွမ်ပရာဘွမ်မြို့အဝင်ဆိုင်းဘုတ်သစ်တည်ဆောက်မှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုမှတစ်ဆင့် ဆွမ်ပရာဘွမ်မြို့အတွင်းရှိ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေ ဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ဆိုင်ခန်းပေါင်း (၄၇)ခန်းဖြင့် မြို့မဈေးတည်ဆောက်ပြီးစီးမှုနှင့် မြို့၏ ဘန်ရူ ခန်းမသစ်တည်ဆောက်ပြီးစီးမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောက်တိုဘာ ၂၄ ရက်၊ နံနက်ပိုင်းတွင် ဘန်ရူခန်းမ၌ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုအပိုင်းများနှင့် ပတ်သက်ပြီး ဌာနဆိုင်ရာ အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် မှာကြားကာ မြို့နယ်ပညာရေးမှူးရုံးအတွက် ကွန်ပျူတာ တစ်စုံ လိုအပ်မှုကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ဆွမ်ပရာဘွမ်မြို့ရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၊ RC ဘုရားကျောင်း၊ နှစ်ခြင်းခရစ်ယာန် KBC အသင်းတော်ကျောင်းများနှင့် AG အသင်းတော်၊ COC အသင်း တော်ဘုရားကျောင်းများအတွက် ကျောင်းထိုင်ဆရာတော်များ၊ သိက္ခာတော်ရဆရာတော်တို့ထံ ငွေကျပ်(၁၀) သိန်း၊ ဆားမုန့်တစ်ဘူးနှင့် ဆန်(၁)အိတ်စီတို့ကို ပေးအပ်လှူဒါန်းခဲ့သည်။

ထို့မှတစ်ဆင့် မြို့မရပ်ကွက် ကုတင် (၅၀)ဆံ့မြို့နယ်ပြည်သူ့ဆေးရုံ ပြင်ဆင်ဆောက်လုပ်နေ ပြီးစီးမှု အခြေအနေနှင့် ဆေးရုံ၌ တက်ရောက်ဆေးဝါးကုသမှုခံယူနေသော လူနာများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြပြီး မြို့မရပ်ကွက်၊ ကော်မရှင်အဖွဲ့ခွဲရုံးနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတို့တွင် ပြည်နယ်ဝန်ကြီးချုပ်က ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများနှင့် ရွေးကောက်ပွဲ အောင်မြင်အေးချမ်းစွာကျင်းပနိုင်ရေးအတွက် ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများနှင့် လိုအပ်ချက်များမေးမြန်း ၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် ဘန်ရူခန်းမ၌ ဌာနဆိုင်ရာများ၊ မြို့မိ၊မြို့ဖများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး များနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က (၄)နှစ်ကျော်ကာလအတွင်း အစိုးရအဖွဲ့အနေဖြင့် ပြည်နယ် အတွင်း တောင်ပေါ်မြေပြန့်တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးအတွက်ခရိုင်(၄)ခုလုံးတွင်အခြေခံလိုအပ်ချက်များ ကိုဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့မှုများကို ရှင်းလင်းပြောကြားပြီး မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်း ပိုင်းဆောင်ရွက်ပေးနိုင်မှုအပါအဝင် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း (၂၄)နာရီ မီးလင်းရေးအတွက် ရေအားလျှပ် စစ်စီမံကိန်းနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစသည့် ပြည်သူကို တိုက်ရိုက်အကျိုးပြုသည့် လုပ်ငန်းများ ကို ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အပြင် မိမိတို့အစိုးရအဖွဲ့အနေဖြင့် ရေရှည် တည်တံ့သည့် လူမှုစီးပွားဘဝဖွံ့ဖြိုးရေးအတွက်ကိုပါ တစ်ပြိုင်တည်း အကောင်အထည်ဖော်ဆောင်ပေးလျက် ရှိရာ အားနည်းချက်၊ လိုအပ်ချက်များရှိနေမည် ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် ပြည်နယ်တစ်ခုဖြစ်လာရန်အတွက် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး တိုက်တွန်းပြော ကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် မြို့မိ၊ မြို့ဖများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း လိုအပ်သည့် စိုက်ပျိုးရေ၊ သောက်သုံးရေရရှိရေး၊ မြေယာကိစ္စရပ်များ၊ တရား မဝင်ရွှေတူးဖော်မှုကိစ္စရပ်များ၊ စစ်ရှောင်မြေနေရာကိစ္စရပ်များ၊ မြို့နယ်ဘောလုံးကွင်းခြံစည်းရိုးဆောက်လုပ် ပေးရေး၊ ကျန်းမာရေးလိုအပ်ချက်များ၊ စိုက်ပျိုးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးတို့ကိုတင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်ချက်များနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီး၊ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်၍ အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စရပ် များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးနှင့် တစ်ချို့လုပ်ငန်းများကို စီမံကိန်းလုပ်ငန်းများတွင် ထည့်သွင်း ရေးဆွဲဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အောက်တိုဘာ ၂၅ ရက်တွင် မြစ်ကြီးနားမြို့သို့ ပြန်လည်ထွက် ခွာခဲ့ပြီး ခကရန်းယန်ကျေးရွာတွင် ပညာရေးနှင့်ကျန်းမာရေးဝန်ထမ်းများ၊ ခကရန်းယန်၊ မိုင်းထောင်း၊ ကဝါးခ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံပြီး ကျေးရွာအုပ်စုများအတွင်း လိုအပ်ချက်များ ဖြစ်သည့် သောက်သုံးရေရရှိရေး၊ ဆက်သွယ်ရေးကောင်းမွန်ရေး၊ စစ်ရှောင်များပြန်လည်နေရာချထားရေး၊ အခြေခံပညာကျောင်း လိုအပ်ချက်များနှင့် ဆရာ/ဆရာမနေအိမ် လိုအပ်ချက်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ပြီး ကျေးရွာအုပ်စုများအတွက် စားနပ်ရိက္ခာဆန်အိတ်များ ထောက်ပံ့ပေးနိုင်ရေး နှင့် ခကရန်းယန်အ.လ.ကကျောင်းအတွက် ကွန်ပျူတာတစ်စုံနှင့် မိတ္တူကူးစက်ရရှိရေး ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့သည်။