ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၊ ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်မည့် ဌာနဆိုင်ရာအဖွဲ့အစည်းများအား တွေ့ဆုံ မှာကြားပြီး ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ ညှိနှိုင်းအစည်းအဝေးတက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၊ ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်မည့် ဌာနဆိုင်ရာအဖွဲ့အစည်းများအား တွေ့ဆုံ မှာကြားပြီး ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ ညှိနှိုင်းအစည်းအဝေးတက်ရောက်

မြစ်ကြီးနား     ဇွန် ၇

          ကချင်ပြည်နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြည်ထောင်စု/ ပြည်နယ်ဘဏ္ဍာ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွား မည့် ဌာနဆိုင်အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ဇွန် ၇ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုဘဏ္ဍာ၊ ပြည်နယ်ဘဏ္ဍာ ငွေလုံးငွေရင်းရန်ပုံငွေများဖြင့် ဆောင်ရွက်သွားမည့် ဌာနဆိုင် ရာအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေများကို သုံးစွဲသည့်အခါ အလေအလွင့် မဖြစ်စေရေး သတ်မှတ်ထားသည့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်များ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ပြည်သူများအတွက် အကျိုးရှိသော လုပ်ငန်းများဖြစ်စေရေး ဆောင်ရွက်သွား ကြရန်လိုကြောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လုပ်ငန်းများ အချိန်မီအရည်အသွေးပြည့်မီ စွာဆောင်ရွက်ပြီးစီးရေးနှင့် နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေရေး၊ အဂတိတရား ကင်းရှင်းစွာ၊ ပွင့်လင်းမြင်သာစွာ အကောင်အထည်ဖော်ဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်၍ လည်းကောင်း၊ ပြည်နယ်ဥပဒေချုပ်က တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့် ဥပဒေလုပ်ထုံးလုပ်နည်းများကို လည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများ ကို အသီးသီး ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ လုပ်ထုံးလုပ်နည်းများနှင့် အညီ သတ်မှတ်ကာလအတွင်း ထိရောက်အကျိုးရရှိစွာ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးရေး နှင့် လိုအပ်ချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက်မွန်းလွဲပိုင်းတွင် အဆိုပါခန်းမ၌ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ ကချင်ပြည်နယ်တွင် နှစ်စဉ် ရာသီဥတုပြောင်းလဲမှုနှင့်အတူ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုများကြောင့် အသက်အိုးအိမ်၊ စည်းစိမ်ပျက်စီးဆုံးရှုံးမှုများနှင့် လူမှုစီးပွားဘဝများဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပါကြောင်း၊ မိုးရေကြီးခြင်း၊ ငလျင် လှုပ်ခတ်ခြင်း၊ မြေပြိုခြင်း၊ မီးလောင်ခြင်း၊ မိုးကြိုးပစ်ခြင်း စသည့် သဘာဝဘေးအန္တရာယ်များကို အများဆုံးတွေ့ကြုံခံစားရပါကြောင်း၊ ထို့ကြောင့် မိမိအပါအဝင် ပြည်နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် ကော်မတီများကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို လက်ဦးမူရယူခြင်း၊ ကယ်ဆယ်ရေး၊ နေရာချထားရေး၊ ထောက်ပံ့ရေး၊ အရေးပေါ်တုံ့ပြန်နိုင်ရေးနှင့် ပြည်သူလူထု အချိန်မီသိရှိလိုက်နာဆောင်ရွက်ရေးစသည့် လုပ်ငန်းများကို ကြိုတင်ပြင်ဆင်၍ စီမံဆောင်ရွက်ထားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက ကော်မတီများ ပြင်ဆင်ဖွဲ့စည်း ထားရှိမှုနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းဆွေးနွေးပြီး၊ တက်ရောက်လာကြသည့် ပြည်နယ် အစိုးရအဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရမည့် လုပ်ငန်းများကို သုံးသပ်ရှင်းလင်းတင်ပြကြသည်။

          ယင်းနောက် တွဲဘက်အတွင်းရေးမှူး၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ပြည်နယ်အတွင်း နှစ်အလိုက် ဖြစ်ပွားခဲ့သည့် သဘာဝဘေးဖြစ်စဉ်/ဖြစ်ရပ်များ၊ ကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းထားရှိမှုအခြေအနေများ၊ အသိပညာပေးလုပ်ငန်းများဆောင် ရွက်သွားမည့် အစီအစဉ်များကို တင်ပြဆွေးနွေးရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။