ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ကြွက်ဘေးအန္တရာယ်ကြောင့် လယ်ယာသီးနှံပျက်စီး ဆုံးရှုံးခဲ့သည့် တောင်သူများနှင့် မိုးတွင်းကာလစားနပ်ရိက္ခာအခက်အခဲကြုံတွေ့နေရသော ဒေသ(၅)ခုမှ အိမ်ထောင်စုများအတွက် ဆန်ရိက္ခာများ ထောက်ပံ့

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ကြွက်ဘေးအန္တရာယ်ကြောင့် လယ်ယာသီးနှံပျက်စီး ဆုံးရှုံးခဲ့သည့် တောင်သူများနှင့် မိုးတွင်းကာလစားနပ်ရိက္ခာအခက်အခဲကြုံတွေ့နေရသော ဒေသ(၅)ခုမှ အိမ်ထောင်စုများအတွက် ဆန်ရိက္ခာများ ထောက်ပံ့

မြစ်ကြီးနား     သြဂုတ် ၃၀

          ကချင်ပြည်နယ်အတွင်း ကြွက်ဘေးအန္တရာယ်ကြောင့် လယ်ယာသီးနှံများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သော တီယန်ဇွပ်ကျေးရွာအုပ်စုနှင့် အင်ဂျစ်ကျေးရွာအုပ်စုများမှ တောင်သူများအတွက် ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် မိုးတွင်းကာလစားနပ်ရိက္ခာ အခက်အခဲဖြစ်ပေါ်နေသည့် ဒေသ (၅)ခုမှ အိမ်ထောင်စုများအတွက် ဆန်ရိက္ခာ(၁)လစာတန်ဖိုးငွေ ထောက်ပံ့ပေးအပ်ခြင်း အခမ်း အနားကို ယနေ့ နံနက် (၉)နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

          ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ပြည်နယ် အတွင်း ပြည်သူများ အခက်အခဲဒုက္ခကြီးကြီးငယ်ငယ်ကျရောက်ပါက မိမိတို့အစိုးရအဖွဲ့အနေဖြင့် အမြန်ဆုံးကူညီထောက်ပံ့ပေးရမည်ဖြစ်ပါကြောင်း၊ ကြွက်ဘေးအန္တရာယ်သည် ၁၉၇၇ ခုနှစ်တွင် တစ် ကြိမ်ကျရောက်ခဲ့ပြီး ယခု တီယန်ဇွပ်နှင့် အင်ဂျစ်ကျေးရွာတွင် ကျရောက်ခဲ့သည့်အတွက် တောင်ယာ စပါးနှင့် ငရုတ်စိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့သဖြင့် ယနေ့ အခမ်းအနားတွင် ကူညီထောက်ပံ့ပေးသွား မည်ဖြစ်ပါကြောင်း၊ ထို့အပြင် မိုးတွင်းကာလ စားနပ်ရိက္ခာအခက်အခဲဖြစ်ပေါ်နေသည့် ဒေသများမှ အိမ်ထောင်စုများကိုလည်း တစ်ဆက်တစ်စပ်တည်း ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြား သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးတို့က ကြွက်ဘေးအန္တရာယ်ကျရောက်မှုကြောင့် တီယန်ဇွပ်ကျေးရွာ အုပ်စုအတွင်း တောင်ယာစပါး (၂၂၀)ဧက၊ ငရုတ်စိုက်ဧက (၃)ဧက ပျက်စီးဆုံးရှုံးခဲ့သော ဒေသခံ တောင်သူ (၇၃)ဦးနှင့် အင်ဂျစ်ကျေးရွာအုပ်စုတို့အတွင်း တောင်ယာစပါး (၆၆)ဧက ပျက်စီးဆုံးရှုံးခဲ့ သော ဒေသခံတောင်သူ(၃၃)ဦး   စုစုပေါင်းစိုက်ပျိုးသီးနှံဧက (၂၈၉)ဧက ပျက်စီးဆုံးရှုံးခဲ့သည့် ဒေသခံ တောင်သူ (၁၀၆)ဦးတို့အတွက် ဆန်အိတ် (၁၀၆) အိတ်ကို ထောက်ပံ့ပေးအပ်ရာ ဒေသခံတောင်သူ တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ 

          ယင်းနောက် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်လှ ကေသီမာက မိုးတွင်းကာလအတွင်း စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့နေရသည့် ဒေသ(၅)ခုအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာ(၁)လစာ ထောက်ပံ့ပေးသွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

           ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်ဦးစီးမှူးတို့က ပြည်နယ်အတွင်း နှစ်စဉ် မိုးတွင်းကာလ စားနပ်ရိက္ခာအခက်အခဲကြုံတွေ့နေရသည့် ချီဖွေခရိုင်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသနှင့် ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်နှင့် ရှိန်းခေါင်ဒေသများ စသည့် ဒေသ (၅)ခုမှ အိမ်ထောင်စု (၄၃၈၆)စု၊ လူဦးရေ (၃၀၃၅၅)ဦးတို့အတွက် ဆန်ရိက္ခာတစ်လစာ တန်ဖိုးငွေကျပ် (၂၇၃၁၉၅၀၀၀) ကို တာဝန်ရှိသူများထံ အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

          အလားတူ သြဂုတ် ၂၉ ရက် ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါ ကြွက်ဘေးအန္တရာယ်ကျရောက်ခဲ့မှုကြောင့် လယ်ယာစိုက်ပျိုး သီးနှံပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများနှင့် မိုးတွင်း ကာလစားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေရ သည့် ဒေသ (၅)ခုမှ အိမ်ထောင်စုများအတွက် ဆန်ရိက္ခာများ အမြန်ဆုံး ကူညီထောက်ပံ့ပေးနိုင်ရေး၊ သက်ဆိုင်ရာဌာနအလိုက် ပံ့ပိုးကူညီထောက်ပံ့ပေးနိုင်မည့် အခြေအနေများ၊ ကူညီနိုင်မည့် နည်းလမ်း များနှင့် ကူညီထောက်ပံ့မှုများ အမြန်ဆုံးသယ်ယူပို့ဆောင်နိုင်ရေး ဆောင်ရွက်သွားမည့် အစီအမံများ နှင့်စပ်လျဉ်း၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။