ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောပွဲ၊ သရုပ်ပြသပွဲ၊ အာရှဘောလုံးအဖွဲ့ချုပ်အသိအမှတ်ပြု ဖူဆယ်နည်းပြသင်တန်းဖွင့်ပွဲနှင့် မနောလိဒ်အမှတ်ပေး အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲများသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောပွဲ၊ သရုပ်ပြသပွဲ၊ အာရှဘောလုံးအဖွဲ့ချုပ်အသိအမှတ်ပြု ဖူဆယ်နည်းပြသင်တန်းဖွင့်ပွဲနှင့် မနောလိဒ်အမှတ်ပေး အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲများသို့ တက်ရောက်

မြစ်ကြီးနား     မတ် ၁၃

          ကချင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ပြည်နယ်မီးသတ်ဦးစီးဌာနမှ စီစဉ်ကျင်းပသော မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် သရုပ်ပြသပွဲ အခမ်းအနားကို မတ် ၁၃ ရက် နံနက် ၈ နာရီခွဲက မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။

          အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်သူများ မီးဘေးအန္တရာယ် သတိမူစေရေးအတွက် ရပ်ကွက်အလိုက် မီးဘေးလုံခြုံရေးသတိပေးခြင်း၊ စက်ရုံ/အလုပ်ရုံ၊ ဌာန ဆိုင်ရာရုံးများနှင့် ဟိုတယ်များကို စစ်ဆေးသတိပေးခြင်း၊ ဟောပြောပို့ချခြင်း၊ သရုပ်ပြသခြင်းနှင့် ဇာတ်တိုက်ခြင်းများကို သန္ဓေ/အရန်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းပြီး ထိရောက်စွာ စည်းရုံးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မီးလောင်မှုသဘောတရားကို ဆန်းစစ်ကြည့်မည်ဆိုလျှင် လောင်သည့်မီးကို အမြန်ဆုံးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်သမား၏ ဉာဏ်ရည်သည် အဆင့်မြှင့်ပြီး အမြင်ကျယ်ရတော့မည်ဖြစ်ပါကြောင်း၊ ဒါ့အပြင် ခေတ်စနစ်နှင့် အညီ မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးဆိုင်ရာပညာရပ်များကိုကျွမ်းကျင်ပိုင်နိုင်မှုရှိအောင် ကြိုးပမ်း လေ့လာဆောင်ရွက်ထားကြရန်နှင့် ဟန်ချက်ညီညီကူညီ ကယ်တင်ဆောင်ရွက်နိုင်ရေး အလေးအနက် မှာကြားလိုပါကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် ပြည်နယ်မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦးက မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်း များနှင့် မီးလောင်မှုဖြစ်ပွားလေ့ရှိသည့် ဖြစ်ရပ်ဖြစ်စဉ်များ၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ မီးဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုနှင့် ဘေးကင်းလုံခြုံစေရေးအတွက် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် အတည်ပြုထုတ်ပြန်ပြဌာန်းထားသည့် Myanmar Fire Safety Code 2020 ပါ အချက် အလက်များကို ရှင်းလင်းတင်ပြသည်။

          ဆက်လက်၍ မြို့တော်ခန်းမဝင်းအတွင်း မီးငြှိမ်းသတ်ရေးသရုပ်ပြခြင်းကို မီးသတ်တပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာဝန်ထမ်းများက မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ ဆီမီးလောင်မှုဖြစ်စဉ် အပေါ် လက်တွေ့မီးငြှိမ်းသတ်လေ့ကျင့်ခြင်း၊ ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်းပေး ခဲ့သော Unmnned Fire Fighting Robot (LUF Micro)၏ မီးငြှိမ်းသတ်မှု စွမ်းရည်သရုပ်ပြခြင်းများကို ပြသခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ် မီးသတ်တပ်ဖွဲ့အတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ ပေးအပ်သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဖူဆယ်နှင့်သဲသောင်ပြင်ဘောလုံးဆပ်ကော်မတီ နှင့် ပြည်နယ်ဖူဆယ်ဆပ်ကော်မတီတို့က ကြီးမှူးဖွင့်လှစ်သည့် ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ဘောလုံးအားကစားသမားများ တက်ရောက်ကြသည့် အာရှဘောလုံးအဖွဲ့ချုပ်(AFC) အသိအမှတ်ပြု ဖူဆယ်နည်းပြသင်တန်း(AFC Futsal Level-1 Coaching Certificate Course)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

          သင်တန်းဖွင့်ပွဲတွင် သင်တန်းနည်းပြများနှင့် သင်တန်းသားများက တစ်ဦးချင်းဆီ မိတ်ဆက် ခဲ့ကြပြီး ပြည်နယ်ဖူဆယ်ကော်မတီဥက္ကဋ္ဌ ဦးခွန်သန့်စင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် များနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးဆပ်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်က ဖူဆယ်ဘောလုံးအားကစား မြှင့်တင်နိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် သင်တန်းများ ဖွင့်လှစ်ပေးနိုင်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ တက်ရောက်လာကြသည့် သင်တန်းသားများ အနေဖြင့် သင်တန်းမှတစ်ဆင့် နည်းပြဆရာကောင်းများအဖြစ် သင်ယူလေ့လာခဲ့မှုများကို မိမိတို့နှင့် သက်ဆိုင်ရာမြို့နယ်များတွင် ပြန်လည်သင်ကြားပေးခြင်းဖြင့် ကချင်ပြည်နယ်၏ ဖူဆယ်အားကစား နည်း အဆင့်အတန်းတိုးတက်မြင့်မားရေးကို တာဝန်တစ်ရပ်အနေဖြင့် ကြိုးစားဆောင်ရွက်သွားကြ ရန်အလေးအနက်ထားတိုက်တွန်းလိုကြောင်း မှာကြားသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဖူဆယ်နည်းပြသင်တန်းအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှင့် ဖူဆယ်ဘောလုံးများ၊ သင်ထောက်ကူပစ္စည်းများကို ပြည်နယ်ဖူဆယ်ဆပ်ကော်မတီဥက္ကဋ္ဌထံ ထောက်ပံ့ပေးအပ်ပြီး တာဝန်ရှိသူများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီတာဝန်ရှိ သူများ၊ ဒေသခံဘောလုံးအားကစားဝါသနာရှင်များနှင့်အတူ မတ် ၁၂ ရက် ညနေ ၃ နာရီက ပြည်သူ့ အားကစားကွင်း၌ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များက ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ်မြောက် အမှတ်ပေးအမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲဖြစ်သည့် မနောလိဂ်ဘောလုံးပြိုင်ပွဲ နောက်ဆုံး ပွဲစဉ်အဖြစ် နောင်ရာ FC အသင်းနှင့် လဝမ်FC အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ ကြသည်။

          အဆိုပါ ဒုတိယအကြိမ် မနောလိဂ်ဘောလုံးပြိုင်ပွဲကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့မှ စတင် ကျင်းပခြင်းဖြစ်ပြီး ဒေသခံဘောလုံးကလပ်ပေါင်း ၇ ခုမှ အသင်း ၇ သင်းဖြင့် ယှဉ်ပြိုင်ကစားခဲ့ရာ နောက်ဆုံးပွဲစဉ်အဖြစ် နောင်ရာFC အသင်းနှင့် လဝမ်FC အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နောင်ရာ FC အသင်းက ၄ ဂိုး ၁ ဂိုးဖြင့် ပွဲစဉ် ၁၂ ပွဲတွင် ရမှတ်ပေါင်း ၂၆ ဖြင့် အမှတ်ပေးဖလားကို ဆွတ်ခူး ရရှိသည်။

ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ မနောလိဂ်ကျင်းပရေး ကော်မတီအဖွဲ့ဝင် များနှင့် တာဝန်ရှိသူများက ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့သူများ နှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ ပြည်နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဖူဆယ်နှင့်သဲသောင်ပြင်ဘောလုံး ဆပ်ကော်မတီဥက္ကဋ္ဌနှင့် မနောလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နေရာ အလိုက်အကောင်းဆုံးကစားသမားဆုများနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆုများကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က အသန့် ရှင်းဆုံးအသင်းဆု၊ တတိယဆုရအသင်း၊ ဒုတိယဆုရအသင်းတို့အားလည်းကောင်း တစ်ဦးချင်းလည် ဆွဲဆုတံဆိပ်၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြ သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က  ချန်ပီယံဆုရရှိသော နောင်ရာFC အသင်းအား အမှတ် ပေးဆုဖလားနှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၅၀ ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။