ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့အား ပန်းမြို့တော်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စဉ်ဆက်မပြတ်ရာသီပန်းအလှပင်များဖြင့် သန့်ရှင်းသာယာလှပစေရေး လှည့်လည်ကြည့်ရှုစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့အား ပန်းမြို့တော်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စဉ်ဆက်မပြတ်ရာသီပန်းအလှပင်များဖြင့် သန့်ရှင်းသာယာလှပစေရေး လှည့်လည်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     မတ် ၁၄

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့အား ရာသီပန်း အလှပင်များဖြင့် သန့်ရှင်းသာယာလှပသည့် ပန်းမြို့တော်ဖြစ်လာစေရေး စီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မတ် ၁၄ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့တွင်း ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုး၊ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့တော်ခန်းမ၌ စည်ပင်သာယာရေးအဖွဲ့ပိုင် ပျိုးဥယျာဉ် အတွင်း မြစ်ကြီးနားမြို့အား ပန်းမြို့တော်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်း အတွက် တပင်တိုင်နှင်းဆီ၊ စက္ကူပန်းအပါအဝင်အလှပန်းပင်များ၊ အရိပ်ရအပင်ပေါက်များ စုဆောင်း ပျိုးထောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် စီတာပူရပ်ကွက်အတွင်း ဒူဝါဇော်ရစ်လမ်းမတစ်လျှောက် အရိပ်ရပန်းပင်များနှင့် လမ်းဘေးဝဲ/ယာ ရေနှုတ်မြောင်းများ စနစ်တကျတူးဖော်၍ စက္ကူပန်းပင်များဖြင့် ဝေဆာလှပလာစေ ရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး အဆိုပါရပ်ကွက်အတွင်း လယ်ယာမြေများနှင့် မန်ခိန်ရပ်ကွက် ဧက ၁၀၀ စံပြ စိုက်ကွက်အတွင်း ဆောင်းသီးနှံနေကြာ ဧက ၂၉ ကျော် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေ မှုအခြေအနေနှင့် ပျားလုပ်ငန်းမှ ပျားများဖြင့် နေကြာဝတ်မှုံကူးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဆွမ်ပရာဘွမ်လမ်းမ-ပြည်ထောင်စုလမ်းမနှင့် သခင်နက်ဖေလမ်းမတစ်လျှောက် လမ်းလယ်ကျွန်းများနှင့် လမ်းဘေးဝဲ/ယာတို့တွင် သပြေဘူတ ပန်းပင်များ၊ စက္ကူပန်းပင်များ၊ ပန်းအလှပင်များ ဖူးပွင့်ဝေဆာနေမှုကို မြစ်ကြီးနားဘူတာတိုက်တန်း ရှေ့တွင် ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က အလှပန်းပင်များ ထပ်မံတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် လမ်းလမ်းကျွန်းများ၊ မိန်းလမ်းမကြီး ဘေးဝဲ/ယာများနှင့် အဝိုင်းပတ်၊ လမ်းဆုံများတွင် မြေယာရှုခင်း များ စနစ်တကျပြုပြင်၍ အလှပန်းပင်များ၊ အရိပ်ရပန်းပင်များဖြင့် ရာသီအလိုက်စဉ်ဆက်မပြတ် စိုက်ပျိုးဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိ ရသည်။