ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ယာယီခိုလှုံရာစခန်းများမှ မူလနေရပ်သို့ ပြန်လည် ရွေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများအတွက် ဆန်ရိက္ခာ၊ ဆီနှင့်ထောက်ပံ့ငွေများပေးအပ်၊ ကံပိုင်တည် စီးပွားရေးနယ်မြေစီမံကိန်းဆိုင်ရာကိစ္စရပ်များနှင့် ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ယာယီခိုလှုံရာစခန်းများမှ မူလနေရပ်သို့ ပြန်လည် ရွေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများအတွက် ဆန်ရိက္ခာ၊ ဆီနှင့်ထောက်ပံ့ငွေများပေးအပ်၊ ကံပိုင်တည် စီးပွားရေးနယ်မြေစီမံကိန်းဆိုင်ရာကိစ္စရပ်များနှင့် ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

မြစ်ကြီးနား     မတ် ၁၅

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်း(၂)ခုမှ မူလနေရပ်ကျေးရွာ များသို့ ပြန်လည်ရွှေ့ပြောင်း၍ နေထိုင်ကြမည့် အိမ်ထောင်စုများအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဆန်ရိက္ခာ၊ ဆီနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို  မတ် ၁၅ ရက် နံနက် ၇ နာရီခွဲက ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်သည့် တာဝန်ရှိသူများသည် အဆိုပါ ယာယီခိုလှုံရာ စခန်းများသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက် ဂျန်မိုင်ကောင်းကတ်သလစ်အသင်းတော်ဝင်းအတွင်းရှိ မူလနေရပ် တာလောကြီးကျေးရွာသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများ၊ စခန်း တာဝန်ခံများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် လတ်တလော နေထိုင်စားသောက်မှု အဆင်ပြေစေရန် ဆန်၊ ဆီနှင့် ထောက်ပံ့ငွေများ ပေးအပ်သွားမည်ဖြစ်သလို မိသားစုများ လုံခြုံစိတ်ချစွာနေထိုင်နိုင်ရေး ဆက်လက်ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးပြောကြားပြီး အဆိုပါ စခန်းမှ မူလနေရပ် တာလောကြီးကျေးရွာသို့ ပြန်လည်ပြောင်းရွှေ့ နေထိုင်ကြမည့် အိမ်ထောင်စု ၁၀ စု၊ လူဦးရေ ၆၀ ဦးတို့အတွက် တစ်အိမ်ထောင်လျှင် ဆန် ၁ အိတ်၊ ဆီ ၁ ပိဿာနှင့် ထောက်ပံ့ငွေကျပ် ၁ သိန်းစီဖြင့် စုစုပေါင်းပစ္စည်းနှင့်ငွေသားတန်ဖိုးကျပ် ၁၈၃၀၀၀၀ ကို ထောက်ပံ့ပေးအပ်ရာ အိမ်ထောင်စုများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စီတာရပ်ကွက်အတွင်းရှိ ဆွတ်ငိုင်တောင် ယာယီခိုလှုံရာစခန်း၌ မူလနေရပ် ဝိုင်းမော်မြို့နယ် ဒဘတ်ယန်ကျေးရွာသို့ ပြန်လည်ရွှေ့ပြောင်းနေ ထိုင်မည့် မိသားစုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စု ၄ စု၊ လူဦးရေ ၁၇ ဦးတို့အတွက် ဆန် ၁အိတ်၊ ဆီ ၁ ပိဿာစီနှင့် ငွေကျပ် ၁ သိန်းစီဖြင့် စုစုပေါင်းပစ္စည်းနှင့်ငွေသားတန်ဖိုး ကျပ် ၇၃၂၀၀၀ ကိုထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် ထည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ပြည်နယ် အဆင့်ကော်မတီအဖွဲ့ဝင်များနှင့်အတူ ကံပိုင်တည်စီးပွားရေးနယ်မြေစီမံကိန်းနှင့် စပ်လျဉ်း၍ မြန်မာ ဟိန်ရကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          ထို့သို့ ဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုလုပ်ငန်း များဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ပြည်နယ်အတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် စီမံကိန်းဆိုင်ရာလုပ်ငန်းများကို မဖြစ်မနေအကောင်အထည်ဖော်ရာတွင် ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရေး ညှိနှိုင်းဆွေးနွေးသွားကြရန်လိုကြောင်း တိုက်တွန်းပြောကြားပြီး ကော်မတီအဖွဲ့ဝင်များ၊ ကုမ္ပဏီမန်နေဂျင်းဒါရိုက်တာ၊ တာဝန်ရှိသူများနှင့်အတူ ကံပိုင်တည်စီးပွားရေး နယ်မြေစီမံကိန်းဆိုင်ရာ အကောင်အထည်ဖော်နိုင်ရေးအတွက် MoA ပါအချက်များနှင့် စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ သက်ဆိုင်ရာကဏ္ဍအလိုက်၊ စာချုပ်ပါ အချက် များကို ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် အဆိုပါ အစည်းအဝေးခန်းမ၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဦးဆောင်ကော်မတီ၊လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ကျင်းပပြုလုပ်ခဲ့ကြသည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်း ကော်မတီများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ယခင်နှစ်ကထက် ငြိမ်းချမ်းစွာ၊ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးနိုင်ရေး ဝိုင်းဝန်းဆွေးနွေးဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် တက်ရောက်လာကြသည့် ဦးစီးကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းကော်မတီအဖွဲ့ ဝင်များက မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ကျင်းပရေးအတွက် တည်နေရာ အတည်ပြုသတ်မှတ်၍ ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများ၊ လမ်းလျှောက်သင်္ကြန်တွင် နေ့အလိုက် စတုဒီသာကျွေးမွေးသွားမည့် အစီအစဉ်များ၊ ယိမ်းအကပြိုင်ပွဲများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ နှစ် ဆန်းတစ်ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် ဇီဝိတဒါနငါးလွှတ်ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားတော် နာယူပွဲ၊ သက်ကြီးပူဇော်ပွဲ အခမ်းအနားများအတွက် သက်ဆိုင်ရာကော်မတီအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့် လိုအပ်ချက်များကို အသီးသီးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က မဟာ သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီအလိုက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအပေါ်လို အပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။