ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ကံပိုင်တည် စီးပွားရေးနယ်မြေစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ စီမံကိန်းဆိုင်ရာ MoA စာချုပ်မူကြမ်းပါ အချက်များအား တာဝန်ရှိသူများနှင့် သုံးသပ်ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ကံပိုင်တည် စီးပွားရေးနယ်မြေစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ စီမံကိန်းဆိုင်ရာ MoA စာချုပ်မူကြမ်းပါ အချက်များအား တာဝန်ရှိသူများနှင့် သုံးသပ်ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဧပြီ ၃

           ကချင်ပြည်နယ်အတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုဖြစ်သည့် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ကံပိုင်တည်နယ်စပ်မှ တစ်ဆင့် နှစ်နိုင်ငံ ကုန်စည်စီးဆင်း မှုများ ပိုမိုအားကောင်းခိုင်မာလာစေရေးအတွက် ကံပိုင်တည်စီးပွားရေးနယ်မြေစီမံကိန်းနှင့်စပ်လျဉ်း၍ MoA စာချုပ်မူကြမ်းပါ အချက်များအပေါ် မြန်မာ-တရုတ်နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အကောင်အထည်ဖော်ရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များနှင့် စီမံကိန်းလုပ်ငန်းဆောင် ရွက်မည့် မြန်မာဟိန်ရကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများနှင့် ဧပြီ ၃ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။

          အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်တက်ရေး နှင့် မြန်မာ-တရုတ်နှစ်နိုင်ငံကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်ရေးအတွက် ကံပိုင်တည် စီးပွားရေး နယ်မြေစီမံကိန်း အကောင်အထည်ဖော်ရေးသည် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ စတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် MoA စာချုပ်ကို ဥပဒေနှင့် အညီ လက်မှတ်ရေးထိုးနိုင်ရေးအတွက် စနစ်တကျ စေ့စပ်သေချာစွာ စိစစ်ဆွေးနွေးနိုင်မှသာ နောင် ကာလတွင် နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုသည် ပိုမိုလွယ်ကူမြန်ဆန် ချောမွေ့စွာဆောင်ရွက်နိုင်မည်ဖြစ် ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ အစည်းအဝေးတွင် MoA ပါ တွေ့ရှိချက်များအပေါ် တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဆောင်ရွက်သွားရန်လိုကြောင်း တိုက်တွန်း မှာကြားသည်။

          ထို့နောက် ပြည်နယ်အဆင့်ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာသိမ့်သိမ့်မိုးက ကံပိုင်တည်စီးပွားရေးနယ်မြေ စီမံ ကိန်းဆိုင်ရာ MoA ပါအချက်များနှင့် စပ်လျဉ်း၍ ယခင်အစည်းအဝေးများတွင် ဆွေးနွေးအတည်ပြုခဲ့ သည့်အချက်များ၊ ထပ်မံဆွေးနွေးဆောင်ရွက်သွားမည့် အချက်များနှင့် ဖြည့်စွက်ဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းတင်ပြပြီး စီမံကိန်းဆိုင်ရာ MoA ပါ အချက်များနှင့် စပ်လျဉ်း၍ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများ၊ ရင်းနှီးမြှုပ်နှံဆောင် ရွက်သွားမည့် မြန်မာဟိန်ရကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများနှင့် MoA စာချုပ်မူကြမ်းပါ အချက်များ ကို တစ်ပိုဒ်ချင်းအလိုက် သက်ဆိုင်ရာဌာနများ၏ ဥပဒေလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များ နှင့် အညီဖြစ်စေရေး အကြံပြုသုံးသပ်ဆွေးနွေးဆောင်ရွက်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ် စာချုပ်ပါ အချက်များအလိုက် တည်ဆဲဥပဒေနှင့်အညီ ဖြည့်စွက်သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

          အဆိုပါ ကံပိုင်တည်စီးပွားရေးနယ်မြေစီမံကိန်း(KBP)ကို ဝိုင်းမော်မြို့နယ်၊ ကံပိုင်တည်မြို့ရှိ မြေဧရိယာ ၇၅.၉၀၉ ဧကတွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းဧရိယာ အတွင်း ကံပိုင်တည်နယ်စပ်စစ်ဆေးရေးဂိတ် (စုပေါင်းရုံး)အသစ် ပြန်လည်တည်ဆောက်ခြင်း၊ အစိုးရ ဝန်ထမ်းအိမ်ရာများ တည်ဆောက်ခြင်းအပါအဝင်၊ စီးပွားရေးဆိုင်ရာ ရုံးခန်းများ၊ ဆိုင်ခန်းများ၊ ဇုန် အတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းနှင့် ရေပေးဝေခြင်း၊ ယာဉ်ရပ်နားကွင်းများ၊ လမ်း တိုးချဲ့ဆောင်ရွက်ခြင်းနှင့် စိမ်းလန်းဧရိယာများ၊ အဆင့်မြင့် ဟိုတယ်များ၊ ဂိုင်ဒေါင်များ၊ တည်းခိုခန်း များ၊ ခရီးသွားဝန်ဆောင်မှုဧရိယာများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။