ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်၊ ၂၀၂၃ ခုနှစ် ကလပ်ပေါင်းစုံ ကာယဗလနှင့်ကာယကြံ့ခိုင်မှု လူရွေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်ချီးမြှင့်အားပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်၊ ၂၀၂၃ ခုနှစ် ကလပ်ပေါင်းစုံ ကာယဗလနှင့်ကာယကြံ့ခိုင်မှု လူရွေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်ချီးမြှင့်အားပေး

မြစ်ကြီးနား     ဇူလိုင် ၈

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် စနစ် ကျသော လူနေမှုပတ်ဝန်းကျင်ကောင်းများ ပေါ်ထွန်းလာစေရေးအတွက် အပတ်စဉ် စနေနေ့တိုင်း ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၈ ရက် နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (စီတာပူ)၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြသည်။

          ထို့သို့ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေ ချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့်အတူ အခြေခံပညာအထက်တန်းကျောင်း (စီတာပူ) ကျောင်းဝင်းအတွင်း သစ်ပင်ခြုံနွယ်များ ခုတ်ယူရှင်း လင်းပေးခြင်း၊ အမှိုက်များကောက်ယူခြင်း၊ စာသင်ခုံအဟောင်းများ ကောက်ယူစွန့်ပစ်ခြင်းများကို အတူတကွ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ပြည်ထောင်စုလမ်းမမှ တစ်ဆင့် အနော်ရထာလမ်းမတစ်လျှောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက မြစ်ကြီး နားမြို့သန့်ရှင်းသာယာလှပစေရေးအတွက် စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် လမ်းဘေး ဝဲ/ယာ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပလပ်စတစ်အမှိုက်များ ကောက်ယူခြင်းလုပ်ငန်းများကို အတူတကွ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

          အလားတူ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း ဦးဆောင်၍ နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များက မြစ်ကြီးနားနှင့် နန်းကွေ့ဘူတာကြား မိုင်တိုင် ၇၁၈ / ၀ – ၂၄ ကြားရှိ သံလမ်းတစ်လျှောက်ဘေးဝဲ/ယာတွင် သစ်ပင်ခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်းလုပ်ငန်းကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တာဝန်ရှိသူများနှင့်အတူ ပြည်နယ်အားကစားကွင်း အတွင်း မိုးလုံလေလုံအားကစားခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲအတွက် ပြည်နယ်လက်ရွေးစင် အားကစားသမားများ ရွေးချယ်နိုင်ရေးနှင့် မျိုးဆက်သစ်လူငယ်ကစားသမားများ မွေးထုတ်ပေးနိုင်ရေး ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ကာယဗလနှင့် ကာယကြံ့ခိုင်မှုဆပ် ကော်မတီတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ် ကလပ်ပေါင်းစုံ ကာယဗလနှင့်ကာယကြံ့ခိုင်မှု လူရွေး ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးခဲ့ကြသည်။

          ပြိုင်ပွဲတွင် ပြည်နယ်အတွင်းရှိ မြို့နယ်များအလိုက် ကလပ်ပေါင်းစုံမှ အားကစားသမားများက အမျိုးသားအသက် ၂၀ အောက် (၆၀)ကီလိုတန်း၊ (၆၅)ကီလို၊ (၇၀)ကီလို၊ (၇၅)ကီလိုနှင့် (၇၅)ကီလို နှင့်အထက်၊ Sports Physique ၊ Atheltic Physique ကာယဗလပြိုင်ပွဲများနှင့် အမျိုးသမီး Model Physique နှင့် Fitness Physique ကိုယ်ကာယကြံ့ခိုင်မှုပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်မှုကို အားပေးကြည့် ရှုခဲ့ကြသည်။

          ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးများ၏ ဇနီးများ က ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသည့် ဒိုင်လူကြီးများနှင့် တာဝန် ရှိသူများအားလုံးကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒိုင်အဖွဲ့ များအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၂၆ သိန်းကို ပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ပြိုင်ပွဲအလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထဆုရ ပြိုင်ပွဲဝင်များအား ဂုဏ်ပြုဆုတံဆိပ်၊ ဆုငွေနှင့် ဆုလက်ဆောင်များကို အသီး သီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး Fitness Physique ကာယကြံ့ခိုင်မှုပြိုင်ပွဲဝင်များ၏ ဖျော်ဖြေတင်ဆက်မှု ကိုကြည့်ရှုအားပေးကြကာ ပြည်နယ်လူမှုရေးရာဝန်ကြီးက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သိရှိရသည်။