ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဝိုင်းမော်မြို့နယ်ဓာတ်အားခွဲရုံလုပ်ငန်း‌ဆောင်ရွက်နေမှုနှင့် မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုကို လှည့်လည်ကြည့်ရှုစစ်ဆေး

 ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဝိုင်းမော်မြို့နယ်ဓာတ်အားခွဲရုံလုပ်ငန်း‌ဆောင်ရွက်နေမှုနှင့် မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုကို လှည့်လည်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     စက်တင်ဘာ ၈

          ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားခွဲရုံလုပ်ငန်းဆောင်ရွက်နေမှုများ၊ မြို့တွင်း လမ်းများအဆင့်မြှင့်တင်ဆောင်ရွက်နေမှုများနှင့် မြို့ရေပေးဝေရေး လုပ်ငန်းဆောင်ရွက်နေမှု များကို ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ စက်တင်ဘာ ၇ ရက် မွန်းလွဲ ၂ နာရီတွင် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် ဝိုင်းမော်မြို့ အမှတ် (၃)ရပ်ကွက်အတွင်း ၂၀၂၁ -၂၀၂၂ ဘဏ္ဍာ ရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် မြို့နယ်လျှပ်စစ်ဓာတ် အားခွဲရုံ တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် ဓာတ်အားခွဲရုံမှ တစ်ဆင့် မြို့နယ်အတွင်း လျှပ်စစ်ဓာတ် အားလုံလောက်စွာ ဖြန့်ဝေပေးနိုင်ရေးနှင့် ၂၄ နာရီ လျှပ်စစ်မီးလင်းရေးအတွက် မလိဓာတ်အားလိုင်း အပြင် ချီဖွေငယ်ဓာတ်အားလိုင်းနှင့် မဟာဓာတ်အားလိုင်းတို့ဖြင့် ချိတ်ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်း အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် အတူ ဝိုင်းမော်မြို့အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမ(၃)လပတ်အတွင်း ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော ရပ်ကွက် ၁ အတွင်းရှိ အမှတ် ၅ လမ်း အရှည်ပေ ၆၀၀  အား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဝိုင်းမော်မြို့ ကမ်းနား လမ်းရှိ ကူးတို့ဆိပ်ပန်းခြံအတွင်း မြေယာရှုခင်းအလှများ ဆောင်ရွက်ထားရှိမှုနှင့် ရပ်ကွက် (၁)အတွက် မြို့ရေပေးဝေရေးလုပ်ငန်းအတွက် စက်ရုံနှင့် ရေစင်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင် ရွက်ပေးခဲ့သည်။           ယင်းနောက် ပြည်နယ်ဝန်ကြီးသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမ(၃)လပတ်အတွင်း ပြည်နယ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော ရပ်ကွက်(၄)အတွင်းရှိ လမ်းသွယ် ၁၆ အရှည်ပေ ၈၇၀ အား ကတ္တရာလမ်းသစ်အဖြစ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။