ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြ သော နိုင်ငံတစ်ဝှမ်းလုံးရှိ လာချိဒ်တိုင်းရင်းသားကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲသို့ တက်ရောက်အားပေးချီးမြှင့်

 ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ  တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြ သော နိုင်ငံတစ်ဝှမ်းလုံးရှိ လာချိဒ်တိုင်းရင်းသားကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲသို့ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား     စက်တင်ဘာ ၁၀

          ကချင်ပြည်နယ်လာချိဒ်စာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီက ကြီးမှူးကျင်းပသည့် ၂၀၁၉ မှ ၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲများတွင် မြန်မာတစ်နိုင်ငံလုံးရှိ ထူးချွန်စွာ အောင်မြင်ခဲ့ကြသော လာချိဒ်တိုင်းရင်းသား ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၀ ရက် နံနက် ၉ နာရီက ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာအုပ်စု၊ ခကွမ်ကျေးရွာရှိ လာချိဒ်ရိုးရာယဉ်ကျေးမှုကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။

          ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ဓမ္မဆရာများကဆုတောင်းဆက်ကပ်ပေးကြပြီး လာချိဒ်စာပေ နှင့်ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာ ပြည်နယ်အစိုးရ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က လာချိဒ်စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီ အနေဖြင့် ယခုလို လာချိဒ်တိုင်းရင်းသားမျိုးနွယ်စုလူငယ်များအတွက် ဂုဏ်ပြုချီးမြှင့်ပေးခြင်းသည် တိုင်းရင်းသားမျိုးနွယ်စု၏ ဂုဏ်ကိုမြှင့်တင်ပေးခြင်းဖြစ်သကဲ့သို့လူငယ်များပညာရေးတွင် ပိုမိုကြိုးပမ်း အားထုတ်လာစေသည့်အပြင် တိုင်းပြည်အတွက်ပညာရည်ပြည့်ဝပြီးအားကိုးရသောနိုင်ငံ့သားကောင်း ရတနာများဖြစ်လာစေမည်ဖြစ်ပါကြောင်း အားပေးပြောကြားသည်။

          ဆက်လက်၍ ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင်က လာချိဒ်စာပေနှင့်ယဉ်ကျေး မှုကော်မတီကို ၁၉၅၀ ခုနှစ်မှ စတင်တည်ထောင်လာခဲ့ရာ ယခုဆိုလျှင် နှစ်ပေါင်း ၇၀ ကျော်လာခဲ့ပြီ ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရဖွဲ့အနေဖြင့် ယနေ့ တက္ကသိုလ်ဝင်တန်းအောင်မြင့်ခဲ့သည့် ကျောင်းသား/ ကျောင်းသူများအား အဆင့်မြှင့်ပညာဖြစ်သည့် တက္ကသိုလ်များတွင် သင်ကြားနိုင်ရေး ကူညီချိတ်ဆက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ကျောင်းသားမိဘများ အနေဖြင့်လည်း မိမိတို့၏ ရင်သွေးများကို ပညာပြည့်ဝ၊ နှလုံးလှပြီး ထူးချွန်ထက်မြက်သည့် လူငယ်များဖြစ်လာစေရေး၊ လမ်းမှား မလိုက်အောင် ပဲ့ပြင်ဆုံးမ ပြုစုပျိုးထောင်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းအားပေးပြောကြား သည်။

          ထို့နောက် လာချိဒ်လူငယ်မောင်မယ်များက ဓမ္မတေးသီချင်း သီဆိုကြပြီး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးလဘောင်ဇုန်းဘောမ်က ဂုဏ်ပြုချီးမြှင့်ပွဲဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီကြသူများအား ဂုဏ်ပြု မှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးများ၊ ဗဟိုကော်မတီနာယကများ၊ အဖွဲ့ဝင် များနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန တာဝန်ခံအရာရှိတို့က ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ် ပညာသင်နှစ်အထိတက္ကသိုလ်ဝင်စာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသော ငါးဘာသာဂုဏ်ထူးရှင် (၁)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၁)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၅) ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၈)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၂၀)ဦးတို့နှင့်အတူ ရိုးရိုးအောင်မြင်သူ (၁၃၇)ဦးတို့အား ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်ဆောင်များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ ထူးချွန်ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

           ယင်းနောက် လာချိဒ်တိုင်းရင်းသားလူငယ်မောင်မယ်များက ၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ပြည်နယ်ကိုယ်စားပြုသွားရောက်  ဖျော်ဖြေကြမည့် လာချိဒ်တိုင်းရင်းသားရိုးရာကျေးလက်အကဖြင့် ကပြဖျော်ဖြေခဲ့ကြရာ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးက ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၆၈၈၀၀၀၀ ကိုပေးအပ်ချီးမြှင့်ခဲ့ရာ ဗဟိုကော်မ တီအတွင်းရေးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဓမ္မဆရာများက ဆုတောင်းဆက်ကပ် ကောင်းချီးပေးခဲ့ကြောင်း သိရှိရသည်။

          လာချိဒ်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီအနေဖြင့် လာချိဒ်စာပေနှင့်ရိုးရာယဉ်ကျေးမှုများ လက်ဆင့်ကမ်းဖော်ထုတ် ထိန်းသိမ်းနိုင်ရေး၊ ပညာတတ်လူငယ်များပေါ်ထွန်းလာစေရေး ရည်ရွယ်၍ ယနေ့ အခမ်းအနားတွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ကျောင်းသား/ ကျောင်းသူ (၁၇၂)ဦးတို့ အား ဂုဏ်ပြုချီးမြှင့်ခဲ့ဖြစ်ကြောင်းနှင့် အဆိုပါ လာချိဒ်စာပေယဉ်ကျေးမှုကော်မတီကို ၁၉၅၀ ခုနှစ်တွင် စတင်ပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းများမှ ကိုယ်စားပြု မြို့နယ် ပေါင်း (၈)မြို့နယ်၊ ရပ်ကွက် ပေါင်း (၆၅၀)၊ အိမ်ထောင်စု (၁၅၀၀၀)ဖြင့် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ရာ ယခုအခါ နှစ်ပေါင်း (၇၀)ကျော်ရှိပြီဖြစ်ကြောင်း သိရှိရသည်။