ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးဆောင်၍ မြစ်ကြီးနားမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပပြုလုပ်

 ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးဆောင်၍ မြစ်ကြီးနားမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပပြုလုပ်

မြစ်ကြီးနား        ဖေဖော်ဝါရီ ၂၇

ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့်အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်း၍အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၇ရက်နေ့  နံနက် ၀၉:၃၀ က မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက အဖွင့်အမှာစကားပြောကြားရာ၌ အဂတိလိုက်စားမှုသည် နယ်ပယ် အသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှု ကျူးလွန်ပါက အဂတိလိုက်စားမှု တိုက်ဖျက် ရေးဥပဒေနှင့် အရေးယူခံရမည့်အပြင် ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေနိုင်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သိရှိရှောင်ကြဉ်ရန် လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား ယုံကြည်မှု တည်ဆောက်ရာတွင် အရေးပါသည့် ပေါင်းကူးတံတားသဖွယ်ဖြစ်သည့်အတွက် အများပြည်သူဆိုင်ရာ ဝန်ဆောင် မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူ/ တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာ ဖြင့်မျှတစွာ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သန့်ရှင်းသည့်အစိုးရ၊ ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်တစ်ခုကို အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့်သာ အကောင်အထည်ဖော်တည်ဆောက် နိုင်မည်ဖြစ်ကြောင်းပြော ကြားသည်။

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်က အဂတိလိုက်စားမှု သည် လာဘ်ပေးလာဘ်ယူခြင်းထက် ပိုမိုကျယ်ပြန့်ပါကြောင်း၊ အဂတိလိုက်စားမှုကို ထိရောက်စွာ တိုက်ဖျက် နိုင်ရန်နှင့် ဥပဒေမူဘောင်ခိုင်မာရေးအတွက်အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင် ခဲ့ပြီး ဥပဒေရည်ရွယ်ချက်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူလျက် ကြိုးပမ်းအကောင်အထည်ဖော် လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အစိုးရဌာန/အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ သတင်းမီဒီယာများအပါအဝင်၊ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန် အထူးလိုအပ်ပါကြောင်း၊ လုပ်ငန်းများကို ပိုမိုထိရောက် လွှမ်းခြုံဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၉ ခုနှစ်မှစ၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ Corruption Prevention Unit – CPU များကို ဖွဲ့စည်း ဆောင်ရွက် ခဲ့ရာ ယနေ့အချိန်အထိ ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန/အဖွဲ့အစည်း (၃၈) ခုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄) ခုရှိအစိုးရအဖွဲ့များတွင်ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရန်အတွက်ကျင့်ဝတ်များ ထိန်းသိမ်းလိုက်နာစေရန်နှင့် ဖြောင့်မတ်တည်ကြည်သော အနာဂတ်ကို တည်ဆောက်နိုင်ရန် ပညာရေးဝန်ကြီး ဌာနနှင့်ပူးပေါင်း၍ EDU-tainment အစီအစဉ်များကိုလည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် ကော်မရှင်နှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် ရှင်းလင်းပြော ကြားသည်။

ဆွေးနွေးပွဲသို့ ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များတက်ရောက်ကြပြီး အဂတိလိုက်စားမှု တိုက်ဖျက် ရေး ကော်မရှင်မှ တာဝန်ရှိသူများက အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေး ဆိုင်ရာအသိပညာပေးကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။ ထို့အပြင် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူများက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာများကို ကချင် ပြည်နယ်  အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေး အဖွဲ့ (Corruption Prevention Unit – CPU) မှ အဖွဲ့ဝင် များအား ဆက်လက်ပို့ချ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။