ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရင်းနှီးမတည်ပေးထားသည့် လုပ်ငန်း စီမံကိန်းများမှ ပြန်လည်ပေးသွင်းသည့် ပထမ(၆)လအတိုးရငွေများအား စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် လုပ်ငန်းများတိုးချဲ့ရင်းနှီးမတည်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရင်းနှီးမတည်ပေးထားသည့် လုပ်ငန်း စီမံကိန်းများမှ ပြန်လည်ပေးသွင်းသည့် ပထမ(၆)လအတိုးရငွေများအား စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် လုပ်ငန်းများတိုးချဲ့ရင်းနှီးမတည်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇူလိုင် ၆

ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် ရင်းနှီးမတည် ပေးထားသည့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများမှ ပြန်လည်ပေးသွင်းသည့် ပထမ (၆)လအတိုးရငွေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံစေရေးနှင့် ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မား လာစေရေး ကဏ္ဍအလိုက်လုပ်ငန်းများ တိုးချဲ့၍ ရင်းနှီးမတည်ပေးနိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ဇူလိုင် ၅ ရက် မွန်းလွဲ ၂ နာရီ က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံ့စီးပွားမြှင့်တင် ရေးအတွက် ငွေကျပ် ၈ ဘီလီယံကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ လုပ်ငန်းကဏ္ဍအလိုက် ရင်းနှီး မတည်‌ပေးခဲ့ရာ မတ်လအတွင်း မတည်ငွေအားလုံးကို တောင်သူများလက်ဝယ်အရောက် မတည်ပေး နိုင်ခဲ့ပြီး လုပ်ငန်းများအောင်မြင်ဖြစ်ထွန်းစေရေး စဉ်ဆက်မပြတ်ကြီးကြပ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် မိမိတို့ကော်မတီအနေဖြင့် ပထမ(၆)လအတိုးရငွေများကိုလည်း သက်ဆိုင်ရာလုပ်ငန်းကဏ္ဍ အလိုက်ပြန်လည်ကောက်ခံနိုင်ခဲ့သည့်အတွက် ယင်းငွေများကို ပြည်နယ်၏ စီးပွားစွမ်းအားမြှင့်တင် မှုပိုမိုမြန်ဆန်လာစေရန် လုပ်ငန်းများ ထပ်မံတိုးချဲ့မတည်ပေးနိုင်ရေး ကြိုးပမ်းဆောင် ရွက်ကြရန်နှင့် လုပ်ငန်းတိုးချဲ့မှုနှင့်အတူ ကုန်ထုတ်လုပ်မှုများ တိုးမြှင့်ထုတ်လုပ်၍ ဈေးကွက်ဖော် ဆောင်နိုင်မှသာ မိမိတို့ပြည်နယ်၊ မိမိတို့နိုင်ငံအတွင်းရှိ ပြည်သူများ၏အကျိုးစီးပွား အမှန်တကယ် ဖြစ်ထွန်းအောင်မြင် လာမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ် အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ရင်း နှီးမတည်ငွေများအပေါ် မြို့နယ်များရှိ လုပ်ငန်းကဏ္ဍအလိုက် ပထမ(၆)လအတွက် အတိုးနှုန်း ကောက်ခံရရှိမှု၊ ကြေးမြီကျန်ရှိမှု အခြေအနေများကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြား ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး ရှင်းတင်းတင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ် အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများက လုပ်ငန်းကဏ္ဍအလိုက် ကြပ်မတ်ဆောင်ရွက်နေမှု အခြေအနေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သမဝါယမလုပ်ငန်း များတွင် ပြည်နယ်အဆင့် ဒုတိယအဆင့်ရရှိခဲ့မှု၊ မြို့နယ်အဆင့် လုပ်ငန်းစွမ်းဆောင်ရည်ဆု(၂)ဆု ရရှိခဲ့မှု အခြေအနေများ၊ တိုးချဲ့ရင်းနှီးမတည်ပေးနိုင်ရေး၊ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားမည့် အစီအမံများနှင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ ရန်ပုံငွေများပုံမှန်လည် ပတ်နိုင်ရေး လုပ်ငန်းကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြသည်။

          ထို့နောက် တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်ခရိုင်အတွင်း ဗန်းမော်-မံစီ ကားလမ်းပေါ်ရှိ (၇)မိုင်ကျေးရွာအား ဝက်မွေးမြူရေးစံပြကျေးရွာအဖြစ် တည်ထောင်နိုင်ရေးနှင့် ပူတာအိုခရိုင် မချမ်းဘောမြို့နယ်အတွင်း ငါးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ပထမ (၆)လအတိုးရငွေဖြင့် ထပ်မံရင်းနှီးမတည်နိုင်ရေးနှင့်ဒေသတစ်ခု ထုတ်ကုန်တစ်ခု ဖြစ်ထွန်းအောင်မြင် စွာ အကောင်အထည်ဖော်နိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ သည်။

          ကချင်ပြည်နယ်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၈ ဘီလီယံအား ခရိုင်(၆) ခရိုင် အတွင်းရှိ မြို့နယ်များအလိုက် စိုက်ပျိုးရေးဆောင်ရွက်သော ရပ်ကွက်/ကျေးရွာ (၁၁၀)၊ လုပ်ငန်းစီမံ ကိန်း (၉၇)ခု၊ မွေးမြူရေးဆောင်ရွက်သော ရပ်ကွက်/ကျေးရွာ (၂၅) ရွာ၊ လုပ်ငန်းစီမံကိန်း (၂၅) ခု၊ ငါးလုပ်ငန်းဆောင်ရွက်သော ရပ်ကွက်/ကျေးရွာ (၇)ရွာ၊ လုပ်ငန်းစီမံကိန်း (၈)ခုနှင့် သမဝါယမလုပ် ငန်းဖြင့် ရပ်ကွက်/ကျေးရွာ (၆၈) ရွာ၊ လုပ်ငန်းစီမံကိန်း (၆၈)ခုတို့ဖြင့် စုစုပေါင်းလုပ်ငန်းကဏ္ဍအလိုက် ရပ်ကွက်/ကျေးရွာပေါင်း (၂၀၃)ခုတွင် လုပ်ငန်းစီမံကိန်းပေါင်း (၁၆၈)ခု၊ သမဖွံ့ဖြိုးရေးလုပ်ငန်းအရေ အတွက် (၂၃)ခုတို့တွင် ရင်းနှီးမတည်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ဇူလိုင် ၇ ရက် နံနက် ၇ နာရီခွဲတွင် ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် အတူ မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးနှင့် လူမှု ပတ်ဝန်းကျင်စနစ်ကောင်းများပေါ်ထွန်းလာစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အရာ ထမ်း/ အမှုထမ်းများ၊ ပေးဆပ်သူအခမဲ့လူမှုကူညီ ရေးအသင်းဝင်များ၏ စီတာပူတာပူရပ်ကွက် ဆိမ်ဆာ့လမ်းမလျှောက် လမ်းဘေးဝဲ/ယာ သစ်ပင်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ စိုက်ပျိုးထားသည့် ပန်းပင်များ ပေါင်းသင်မြက်နှုတ်ခြင်း၊ ပလပ်စတစ်အမှိုက်များ ကောက်ယူခြင်း လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။