ကချင်ပြည်နယ် မြစ်ကြီးနားဘူတာယာဒ်ဝန်း အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ် မြစ်ကြီးနားဘူတာယာဒ်ဝန်း အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     နိုဝင်ဘာ ၃

          မြန်မာပြည်မြောက်ဖျား မြန်မာ့မီးရထားလမ်းဆုံးဖြစ်သော ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရှိ မြန်မာ့မီးရထားဘူတာယာဒ်ဝန်းအား စီးပွားရေး၊ လူမှုရေးဧရိယာတစ်ခုအဖြစ် အဆင့်မြှင့်တင် တည်ဆောက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ နိုဝင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီတွင် ကျင်းပပြုလုပ်သည်။

          မြန်မာ့မီးရထား၊ မြစ်ကြီးနားဘူတာယာဒ်ဝန်း အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေးနှင့် ပတ် သက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်၏ မူဝါဒ၊ လမ်းညွှန်မှာကြားချက်များ နှင့်အညီ မိမိတို့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိတည်ရှိနေသည့် မြစ်ကြီးနား ဘူတာရုံအား ပြည်နယ်၏ ကုန်သွယ်စီးပွားရေးရပ်ဝန်းတစ်ခုအဖြစ် ခေတ်နှင့်လျော်ညီပြီး မြို့တော် အင်္ဂါရပ်နှင့်အညီ အဆင့်မြှင့်တင် တည်ဆောက်နိုင်ရေးအတွက် ညှိနှိုင်းပေါင်းစပ်ဆွေးနွေး၍ အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့်ဖွံ့ဖြိုးရေးအများပိုင်ကုမ္ပဏီလီမိတက် (KSID) တာဝန်ခံက မြစ်ကြီးနားဘူတာရုံယာဒ်ဝန်း အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် အစိုးရ – ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) အဆိုပြုစီမံကိန်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြရာ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက အဆိုပြုစီမံကိန်းလုပ်ငန်းနှင့် ပတ်သက်၍ စီမံကိန်းအချက်အလက်များအပေါ် အကြံပြုသုံးသပ်ဆွေးနွေးတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်က မြစ်ကြီးနားဘူတာရုံသည် ပြည်နယ်၏ ကုန်သွယ်စီးပွားရေးအချက်အချာကျသည့် နေရာတစ်ခုဖြစ်သည့်အတွက် အဆင့်မြှင့်တင်နိုင်ရေးကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။