ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ-တရုတ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ဥပဒေနှင့်အညီ စည်းကမ်းတကျ ဆောင်ရွက်နိုင်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ-တရုတ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ဥပဒေနှင့်အညီ စည်းကမ်းတကျ ဆောင်ရွက်နိုင်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     မတ် ၇

          ကချင်ပြည်နယ်အတွင်း မြန်မာ – တရုတ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ဥပဒေနှင့်အညီ စစ်ဆေးကြပ်မတ်၍ စည်းကမ်းတကျဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို မတ် ၇ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တက်ရောက် အမှာစကားပြော ကြားသည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ကချင်ပြည်နယ် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မိုင်ပေါင်း ၆၀၀ ကျော် တစ်ဆက်တစ်စပ်တည်း ဆက်စပ် နေသည့်အတွက် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းမှ တစ်ဆင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိသော အခွင့်အလမ်းကောင်းများ ဖန်တီးနိုင်ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကန်ပိုက်တီ၊ လွယ်ဂျယ်နယ်စပ်ဂိတ်များအပြင် ပန်ဝါနှင့် ဖီမော်နယ်စပ်ဂိတ်များကိုလည်း ကုန်စည် စီးဆင်းနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နယ်စပ်ကုန်သွယ်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကို ပိုမိုကောင်းမွန်သော နည်းစနစ်များဖြင့် ထိန်းချုပ်ဆောင်ရွက်ပြီး ဥပဒေနှင့် အညီ စည်းကမ်းတကျ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့အပြင် နှစ်နိုင်ငံ ကုန်စည်တင်ပို့မှု ဆိုင်ရာလုပ်ငန်းများအတွက် MOU ၊ MOA ရေးထိုးပြီး ပိုမိုအဆင့်မြင့်သော ကုန်သွယ်မှုလုပ်ငန်း ဖြစ်စေရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

           ထို့နောက် တက်ရောက်လာကြသည့် မြန်မာ – တရုတ်ကုန်စည်စီးဆင်းရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင်များ၊ ကုန်သည်လုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးလုပ်ငန်းရှင်များက ကန်ပိုက်တီ နယ်စပ်ဂိတ်ဖွင့်လှစ်ပြီး ကုန်စည်တင်/ပို့နိုင်ခဲ့မှုများ၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် အဆင့်ဆင့်စိစစ်ကြပ်မတ်ဆောင်ရွက်မှုများ၊ ကုန်တင်ကားအပါအဝင် ကုန်ပစ္စည်း၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအပေါ် ကိုဗစ်-၁၉ ရောဂါစစ်ဆေးကြပ်မတ်ဆောင်ရွက်မှုများ၊ ထိန်ချုံးပြည် နယ်ခွဲ ကုန်သည်ကြီးများအသင်းနှင့် ညှိနှိုင်း၍ ယာဉ်ဝင်/ထွက်မှုဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်ရေး လုပ်ငန်းအတွက် MOU ရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တရုတ် နိုင်ငံနယ်စပ်တွင် မြန်မာပိုင်ကားများ ပိတ်မိနေမှုအပေါ် အမြန်ဆုံး ပြန်လည်ရောက်ရှိရေးဆိုင်ရာ ကိစ္စရပ်များနှင့် တစ်သျှူးငှက်ပျော ထုတ်ကုန်များ အချိန်မီ တင်ပို့နိုင်ရေးအပါအဝင် အခြားစိုက်ပျိုး သီးနှံထုတ်ကုန်များ တင်/ ပို့နိုင်ရေးအတွက် အကြံပြုညှိနှိုင်းဆွေးနွေးတင်ပြခဲ့ကြသည်။

          တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပိုမိုအဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများအားလုံးက  ညီညီ ညွတ်ညွတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေးမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။