ကချင်ပြည်နယ်တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

 ကချင်ပြည်နယ်တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဖေဖော်ဝါရီ     ၂၀

(၂၀၂၃-၂၀၂၄)ခုနှစ် ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကချင်ပြည်နယ်တည်ဆောက်ရေးလုပ်ငန်း များ အရည်အသွေးစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ကချင်ပြည်နယ်တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ အသစ် (၁၂၄ ပေ ×၁၈၅ပေ× ၃၃ ပေ) RCC အဆောက်အအုံသစ် တည်ဆောက်နေမှု အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးက သက်မှတ်ကာလအတွင်း အချိန်မှီပြီးစီးရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ကချင်ပြည်နယ်တည်ဆောက်ရေးလုပ်ငန်း များ အရည်အသွေးစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် (၂၀၂၄ – ၂၀၂၅)ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း မြစ်ကြီးနားမြို့၊ စီတာပူရပ် ကွက်၊ ဘူးယောင်းလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်သွားမည့် နေရာအား ကြည့်ရှုစစ်ဆေးခဲ့ ကြပြီး၊ ရှမ်းစုတောင်ရပ်ကွက် ဝိုင်းမော်ကူးတို့ဆိပ်မှ နိုင်ငံ့ဂုဏ်ရည်လမ်းအထိ မြေထိန်းနံရံ ဆောက်လုပ်နေမှု၊ နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ကမ်းနားသံပန်းလက်ရမ်း တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ အား သက်ဆိုင်ရာဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးခဲ့သည်။

ယင်းနောက် (၂၀၂၃ -၂၀၂၄) ဘဏ္ဍာရေးနှစ် မြစ်ကြီးနားမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် မြစ်ကြီးနားမြို့၊ ရှမ်းစုတောင်ရပ်ကွက်၊ မန္တလေးကျောင်းလမ်း (၈၇၀ပေ × ၂၄ပေ × ၉ လက်မ) ရှိ ကတ္တရာလမ်းသစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ကျွန်းပင်သာရပ်ကွက်၊ အ-လ-က (၇) ကျောင်း သွားလမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောက်ရွက်သွားမည့် နေရာအားကြည့်ရှုစစ်ဆေးကာ ပြည်နယ်စီးပွားရေးရာဝန်ကြီးက လိုအပ်သည် များ လမ်းညွှန်မှာကြားခဲ့ကြသည်။

ဆက်လက်၍ ကချင်ပြည်နယ်တည်ဆောက်ရေးလုပ်ငန်း များ အရည်အသွေးစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက (၂၀၂၃ -၂၀၂၄) ဘဏ္ဍာရေးနှစ် မြစ်ကြီးနားမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်၊ ရွက်လှမြိုင် စာသင်ကျောင်းဘေးလမ်း (၁၁၅၀ ပေ × ၁၄ ပေ × ၉ လက်မ)ရှိ ကတ္တရာလမ်းသစ်ခင်းခြင်း လုပ်ငန်းပြီးစီးမှုအခြေအနေနှင့် အေးမြသာယာ ပျံကျဈေးလမ်း(၄၄၀ ပေ × ၁၆ ပေ × ၉ လက်မ)ရှိ ကတ္တရာလမ်းသစ်ခင်းခြင်း လုပ်ငန်း ပြီးစီးမှု အခြေအနေများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။