ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပပြုလုပ်

 ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပပြုလုပ်

မြစ်ကြီးနား     ဇွန် ၄

          ကချင်ပြည်နယ်ဝန်ကြီးချုပ် ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဇွန် ၃ ရက် ညနေ ၃ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစား ကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြို့နယ် (၁၂)မြို့နယ်မှ ပြိုင်ပွဲ ဝင်အသင်း (၁၂)တို့အား  အမှာစကားပြောကြားသည်။

          ဖွင့်ပွဲအခမ်းအနားတွင် ပြိုင်ပွဲဝင်အသင်းများအား ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အနေဖြင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် လူငယ်များကို သက်ဆိုင်ရာအားကစားကွင်းများဖြင့် ရင်းနှီး ကျွမ်းဝင်အောင် လေ့ကျင့်ကစားခွင့်ပြုရမည်ဖြစ်ကြောင်း၊ အားကစားကဏ္ဍကိုအလေးထားမြှင့်တင် ဆောင်ရွက်ခြင်းဖြင့် ကချင်ပြည်နယ်၏ဂုဏ်ကို မြှင့်တင်ပေးနိုင်မည့် တန်ဖိုးရှိသော လူငယ်လူရွယ်များ ပေါ်ထွက်လာမယ်လို့ အခိုင်အမာယုံကြည်ပါကြောင်း၊ ထို့အပြင်အားကစားကဏ္ဍဖြင့် တိုင်းပြည်၏ ဂုဏ်ကိုဆောင်နိုင်သော ထူးချွန်အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားသွားကြရန် လိုအပ် ပါကြောင်း တိုက်တွန်းအားပေးစကားပြောကြားသည်။

ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားအဓိဌာန်ရွတ်ဆိုပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ပြိုင်ပွဲအသင်းများအား လိုက်လံနှုတ်ဆက်ကာ အားကစား ပစ္စည်းများပေးအပ်သည်။ ထို့နောက် သရုပ်ပြအဖွဲ့များနှင့်ရိုးရာအကအဖွဲ့များက ပြိုင်ပွဲမစတင်မီ သရုပ်ပြ ဖျော်ဖြေခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့အား ဂုဏ်ပြုဆုငွေ ပေးအပ် ချီးမြှင့်သည်။

၄င်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ‌အဖွင့်ပွဲစဥ်အဖြစ် ဝိုင်းမော်အသင်းနှင့် ဆော့လော် အသင်းတို့ ယှဥ်ပြိုင်ကစားနေမှုအား ဒေသခံများနှင့်အတူ ကြည့်ရှုအားပေးခဲ့ရာ ဂိုးမရှိသ‌ရေ ရလာဒ် ဖြင့် ပွဲပြီးဆုံးခဲ့သည်။ အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်းစုံမှ အသင်း (၁၂)သင်း ဖြင့် အုပ်စု (၄)စု ခွဲကာ ယှဥ်ပြိုင်လျက်ရှိပြီး ‌ဗိုလ်စွဲသည့်အသင်းအား ထိုက်ထိုက်တန်တန် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။