ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၊ ခရိုင်၊ မြို့နယ်တရားရုံးဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၄)သိန်းကျော် ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်အားပေး

မြစ်ကြီးနား     ဇွန်

ကချင်ပြည်နယ်တရားလွှတ်တော်က ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် ပြည်နယ်ရုံးအပါအဝင် မြစ်ကြီးနားခရိုင်ရုံး၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တရားတရားရုံး ဝန်ထမ်းသားသမီး ကျောင်းသား/ ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ဇွန် ၃ ရက် နံနက် ၁၁ နာရီခွဲက ပြည်နယ်တရားလွှတ်တော်ရုံး၊ အစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ် တရားလွှတ်တော် တရားရေးဝန်ထမ်းများ၏ သားသမီးကျောင်းသား/ကျောင်းသူများအနေဖြင့် လူကြီး မိဘများ၏ စေတနာကို သိရှိနားလည်ပြီး မိမိတို့၏ ပညာသင်ယူခြင်းလုပ်ငန်းကို ဆုံးခန်းတိုင်အောင် သင်ယူနိုင်ရေး ကြိုးစားဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ သို့မှသာ အနာဂတ်နိုင်ငံ‌တော်၏ တာဝန်ကို ပခုံးပြောင်းတာဝန်ယူနိုင်သော သားသမီးကောင်းရတနာများဖြစ်လာမည် ဖြစ်ပါကြောင်း တိုက်တွန်း အားပေးပြောကြားသည်။

ယင်းနောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာက ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များရှိ တရားလွှတ်တော်ရုံးများအလိုက် တရားရေးဝန်ထမ်း သား/ သမီးများအတွက် ပညာသင် ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့‌ပေးအပ်နိုင်ရေး စီမံဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပြည်နယ်တရားလွှတ်တော်မှ ပြည်နယ်တရားရုံး၊ မြစ်ကြီးနားခရိုင်ရုံး၊ မြစ်ကြီးနားနှင့် ဝိုင်း‌မော်မြို့နယ်တရားရုံးများရှိ တရားရေးဝန်ထမ်းသားသမီး ကျောင်းသား/ကျောင်းသူများအတွက် ထောက်ပံ့ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ် အဆင့် ကျောင်းသား/ ကျောင်းသူ (၁၂)ဦးတို့အတွက် ပညာသင်ထောက်ပံ့ကြေးငွေကျပ် ၃ သိန်းနှင့် ကျောင်းသုံးပစ္စည်းများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးများက အထက်တန်း၊ အလယ်တန်း နှင့်မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၄၅)ဦးတို့အတွက် ပညာသင်ထောက်ပံ့ကြေးငွေကျပ် ၇၅၄၀၀၀ နှင့် ကျောင်းသုံးပစ္စည်းများကို လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ကြပြီး ကျောင်း သားမိဘများကိုယ်စား ဌာနခွဲစာရေးတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ယနေ့ အခမ်းအနားတွင် ပြည်နယ်တရားလွှတ်တော်ရုံးမှ ပြည်နယ်ရုံးအပါအဝင် မြစ်ကြီးနား ခရိုင်ရုံး၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တရားလွှတ်တော်တရားရုံး ဝန်ထမ်းသားသမီး ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၅၇)ဦးတို့အတွက် ပညာသင်ထောက်ပံ့ကြေး စုစုပေါင်းငွေကျပ် ၁၀၅၄၀၀၀ နှင့် ဗလာစာအုပ်တစ်ဒါဇင်၊ ဘောပင်(၁)ကဒ်၊ ခဲတံတစ်ဒါဇင် စသည့် ကျောင်းသုံးပစ္စည်းများအတွက် တန်ဖိုးငွေကျပ် ၄၂၇၅၀၀တို့ဖြင့် ငွေသားနှင့် ပစ္စည်းစုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၄၈၁၅၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥ‌ပဒေချုပ်တို့ နှင့်အတူ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)၊ ကချင်ပြည်နယ်တာဝန်ခံနှင့် အဖွဲ့တို့အား လက်ခံတွေ့ဆုံပြီး ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများ ပေးနိုင်ရေး၊ နေ့ရပ်စွန့်ခွာယာယီခိုလှုံရာစခန်းနေ ပြည်သူများ ပြန်လည်‌နေရာချထားရေးနှင့် ကူညီထောက်ပံ့မှုများ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ စိုက်ပျိူး ရေး၊ မွေးမြူရေးဆိုင်ရာ သက်မွေးလုပ်ငန်းများတွင် ကူညီထောက်ပံ့နိုင်ရေး ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။