ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူ များအား ဂုဏ်ပြုချီးမြှင့်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူ များအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား     ဇူလိုင် ၁၅

          ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၁၅ ရက် နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို အမှတ် (၃)အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက “ဘက်စုံပညာကိုရည် ဒို့လှမ်းချီ” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်သည်။

          အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အခက်အခဲများကြားမှ ကြိုးစားပြီး သင်ယူ/ သင်ကြားခဲ့ကြကာ ယခုလို အောင်မြင်မှုကို ရရှိခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါ ကြောင်း၊ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများကလည်း နိုင်ငံတော်တည် ဆောက်ရာတွင် ထူးချွန်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ဆက်လက်ကြိုးစား ကြရန်လိုကြောင်း၊ ထို့အပြင် ယခုလို ပြည်နယ်အတွင်း အောင်မြင်မှုရရှိအောင် ကြိုးစားဆောင်ရွက် ခဲ့ကြသော ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ မိဘများနှင့် ဝိုင်းဝန်းပံ့ပိုးပေးကြသူများအလုံးကို ပြည်နယ်ကိုယ်စား မှတ်တမ်းတင် အသိအမှတ်ပြုဂုဏ်ပြုပါကြောင်း ပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ပညာရေးမှူး ဦးကြည်စိန်က ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကချင်ပြည်နယ်၏ အောင်မြင်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

          ထို့နောက် ထူးချွန်ဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့် ဘာသာရပ်အလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုရ ထူးချွန်ကျောင်းသား/ ကျောင်းသူ (၁၀)ဦး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးက (၅)ဘာသာဂုဏ်ထူးရှင် (၁၄)ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဝဏ္ဏကျော်ထင်ဦးတူးဂျာနှင့် ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းတို့က (၄)ဘာသာဂုဏ်ထူးရှင် (၃၆)ဦး၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တပ်မတော်အရာရှိကြီးများက (၃)ဘာသာဂုဏ်ထူးရှင် (၂၅၇)ဦး တို့အား ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြသည်၊

ဆက်လက်၍ တပ်မတော်အရာရှိကြီးများက ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲတွင် ပြည်နယ်အဆင့် အောင်ချက်အကောင်းဆုံးဆုရ မြို့နယ်များနှင့် ကျောင်းဆုများ၊ ဂုဏ်ထူးအများဆုံးရ ကျောင်းဆု၊ အောင်ချက်အကောင်းဆုံး ကိုယ်ပိုင်ကျောင်းဆုများနှင့် ဘာသာရပ်အလိုက် ဂုဏ်ထူး အများဆုံးရရှိအောင် သင်ကြားပေးခဲ့သော ဆရာ/ဆရာမ(၈)ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြု ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ ထူးချွန်ကျောင်းသား/ကျောင်းသူ များကိုယ်စားကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း ကျောင်းသား/ ကျောင်းသူများက “ပညာပြည့်ဝ နှလုံးလှ” တေးသီးချင်း ဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

ကချင်ပြည်နယ်အနေဖြင့် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စာစစ်ဌာန (၄၈)ခုဖွင့် လှစ်ပြီး ကျင်းပပြုလုပ်ခဲ့ရာ ဝင်ရောက်ဖြေဆိုသူ (၁၁၄၈၃)ဦးအနက် အောင်မြင်သူ (၅၃၂၅)ဦးရှိခဲ့ပြီး  အောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၄၆.၃၇) ရာခိုင်နှုန်းရရှိသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အဆင့်(၆) ရရှိခဲ့ကာ  (၅)ဘာသာဂုဏ်ထူးရှင် (၁၄)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၃၆)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင် (၂၅၇)ဦး၊ (၂)ဘာသာဂုဏ်ထူး ရှင် (၃၅၇)ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် (၁၅၈၀)ဦး စုစုပေါင်း ဂုဏ်ထူးရကျောင်းသား/ကျောင်းသူ (၂၂၄၄)ဦးရှိကြောင်းနှင့် ၂၀၂၂ ခုနှစ်တွင် ဂုဏ်ထူးရရှိသူ ဦးရေသည် ၂၀၂၀ တက္ကသိုလ်ဝင်တန်းစာမေးပွဲဂုဏ်ထူးရဦးရေထက် (၂၂၃)ဦး တိုးတက်လာကြောင်း ပြည်နယ်ပညာရေးဌာနမှ သိရှိရသည်။

ဆက်စပ်နေသော သတင်းများ