ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်း(၆)ခုမှ အိမ်ထောင်စု (၃၀)၊ လူဦးရေ (၁၄၂)ဦးတို့အား ငွေပျော်စံပြကျေးရွာသို့ ထပ်မံပြောင်းရွှေ့ နေရာချထားပေးပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်း(၆)ခုမှ အိမ်ထောင်စု (၃၀)၊ လူဦးရေ (၁၄၂)ဦးတို့အား ငွေပျော်စံပြကျေးရွာသို့ ထပ်မံပြောင်းရွှေ့ နေရာချထားပေးပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်

မြစ်ကြီးနား     ဇူလိုင် ၁၆

           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နေရပ်စွန့်ခွာယာယီစခန်းနေပြည်သူများအား ပြန်လည် နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၅ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာယာယီတိမ်းရှောင်စခန်း (၆)ခုမှ အိမ်ထောင်စု (၃၀)၊ လူဦးရေ (၁၄၂)ဦးတို့အား ပလန ကျေးရွာအုပ်စု၊ ငွေပျော်စံပြကျေးရွာသို့ ၎င်းတို့ဆန္ဒအရ ပြောင်းရွှေ့ နေရာချထားပေးပြီး ပြည်နယ် ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက ကျေးရွာဘက်စုံသုံးခန်းမ၌ အိမ်ထောင်စုများ အတွက် ထောက်ပံ့ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အဆိုပါ နေရပ်စွန့်ခွာယာယီတိမ်းရှောင်စခန်းနေ အိမ်ထောင်စုများအား ပြောင်းရွေ့နေရာချ ထားပေးခြင်းနှင့် ထောက်ပံ့ပေးအပ်ခြင်း အခမ်းနားတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်နှင့် ခရိုင် (၄) ခရိုင်မှ ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ဝင်များက ပြောင်းရွှေ့နေရာချထားပေးသည့် အိမ်ထောင်စုများနှင့် ကျေးရွာတာဝန်ရှိသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးထွန်းက မြို့နယ်အတွင်းရှိ နေရပ် စွန့်ခွာယာယီတိမ်းရှောင်စခန်းများမှ အိမ်ထောင်စုများအား ကျေးရွာအတွင်းရှိ အိမ်ရာများသို့ ပြောင်း ရွှေ့နေရာချထားပေးနေမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် အိမ်ထောင်စုများအတွက် ထောက်ပံ့ပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ပြည်နယ်အစိုးရ အဖွဲ့မှ တစ်အိမ်ထောင်လျှင် ဆန် (၁)အိတ်စီဖြင့် ဆန်အိတ် (၃၀)အိတ်၊ ‌ခေါက်ဆွဲခြောက်ဖာ(၃၀)နှင့် ကြက်ဥများ၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာ (၁)လစာဖိုးငွေကျပ် ၁၂၇၈၀၀၀၊ ပြောင်းရွှေ့စရိတ်အဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ် (၁)သိန်းနှုန်းဖြင့် ငွေကျပ်သိန်း  (၃၀) ၊ ကယ်ဆယ်ရေးပစ္စည်း (၂၁)မျိုးပါ တစ်ပုံးစီတို့ဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် ၆၆၄၈၀၀၀ နှင့် Face Shield (၁၁၂)ခု၊ လက်ဆေးရည်ဘူး(၆၀)၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးစိမ်ခြင်ထောင် (၃၀)လုံး၊ နှာခေါင်းစည်း Mask ၊ လက်ဆေးရည်နှင့် ဆေးဝါးပစ္စည်းများ၊ ပြည်နယ်ပညာရေးဌာနမှ ကျောင်းသားကလေးငယ်များအတွက် ကျောင်းသုံးဗလာစာအုပ်များ၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီမှ အိမ်ထောင်စုသုံး တာပေါ်လင် ၊ Hygiene Kit ၊ Shelter Tools Kit ၊ Individual Hygiene Kit ၊ Dignity Kit (၃၀)ခုစီတို့နှင့် World Vision မြစ်ကြီးနားရုံးမှ အနွေးထည်၊ ခြုံစောင်၊ မိုးကာ၊ နေကာ ဇကာပိုက်လိပ်၊ ပေါက်ချွန်း၊ မြက်ရိတ်စက်၊ မိုးစီးဖိနပ်တို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ထောက်ပံ့ပေးအပ်မှုများအတွက် ကျေးရွာအုပ်အုပ်ချုပ်ရေးမှူးက ကျေးဇူးတင် စကားပြောကြားပြီး ကျေးရွာအတွက် လိုအပ်ချက်များဖြစ်သည့် ကျေးရွာဈေး တည်ထောင်ပေးရေး၊ အိမ်ခြေ ၅၀၀ ကျော်ရှိလာပြီဖြစ်သည့်အတွက် ကျေးလက်ကျန်းမာရေးဌာန ရရှိရေး၊ ကျေးရွာပိုင် ဘောလုံးကွင်းဆောင်ရွက်ပေးနိုင်ရေးနှင့် တိုးချဲ့အိမ်ရာ တည်ဆောက်ပေးနိုင်ရေး တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး အိမ်ထောင်စုများ အတွက် ခေါက်ဆွဲခြောက်ထုတ်များနှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြသည်။

အဆိုပါ ပြောင်းရွှေ့နေရာချထားပေးသည့် အိမ်ထောင်စုများသည် မြစ်ကြီးနားမြို့ လယ်ကုန်း ရပ်ကွက်အတွင်းရှိ ဗက်လင်၊ မလိယန်၊ ဇီးအုန်စခန်းများ၊ မြို့သစ်ကြီးရပ်ကွက်ရှိ ဂျာမိုင်ကောင်း အာရ်စီ၊ မန်ခိန်နှစ်ခြင်းအသင်းတော်နှင့် နန့်ကွေ့စိန်ယောဟန်စခန်းများမှ အိမ်ထောင်စုများဖြစ်ကြပြီး  ယင်း ငွေပျော်စံပြကျေးရွာသည် ယခုအခါ ပြန်လည်နေရာချထားရေးအတွက် တည်ဆောက်ပေးထား သည့် နေအိမ်(၅၀၂)အိမ်လုံး ပြောင်းရွှေ့နေရာချထားနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်တည်ငြိမ်းအေးချမ်းရေး ညှိနှိုင်းဖြန်ဖြေဆောင်ရွက်သွား မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပြည်နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ နာယက၊ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ ခရိုင် (၄)ခရိုင်မှ ခရိုင်အလိုက် ဖွဲ့စည်းထားရှိသည့် အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကို ကျင်းပပြုလုပ်သည်။

 ထိုသို့တွေ့ဆုံစဥ် ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ လူမှုအသိုက်အဝန်းအတွင်း အတွေးအခေါ် အယူအဆ၊ အမြင်မတူမှုများ၊ ပဋိပက္ခများလျော့နည်းစေရေး၊ ဒေသခံတိုင်းရင်းသားများ နစ်နာမှုမရှိ စေရေးအတွက် ညှိနှိုင်းဖြန်ဖြေဆောင်ရွက်ရာတွင် အစိုးရအဖွဲ့၊ အဖွဲ့အစည်းအသီးသီးနှင့်ချိတ်ဆက် ဆောင်ရွက်မှု ပိုမိုအားကောင်းခိုင်မာလာစေရေး၊ ထို့အပြင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ကိုဗစ်(၁၉) ရောဂါ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများ၊ ပန်းခင်းစီမံချက်တို့တွင် ဒေသအာဏာပိုင်များ၊ အဖွဲ့ အစည်းအသီးသီးနှင့် ပေါင်းစပ်ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပံ့ပိုးကူညီ ဖြည့်ဆည်းပေးနိုင်‌‌ရေး ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။