ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးရေး ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေး‌နွေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးရေး ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေး‌နွေး

မြစ်ကြီးနား     ဇူလိုင် ၁၈

          ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဦးတည်အုပ်စု အလိုက် ကာကွယ်ဆေးထိုးရန် အကျုံးဝင်သူအားလုံး ထိုးနှံပေးနိုင်ရေး အသေးစိတ်အစီအမံများဖြင့် ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးထိုးလုပ်ငန်း သတ်မှတ်ကာလမတိုင်မီ ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် ပြည်နယ်/ ခရိုင်/ မြို့နယ်ကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁၈ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

           ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုး လုပ်ငန်းကို ကာကွယ်ဆေးထိုးရန် အကျုံးဝင်သူအားလုံးကို ဦးတည်အုပ်စုအလိုက် ခရိုင်၊ မြို့နယ်များ တွင် ဆေးထိုးအဖွဲ့များကို ဖွဲ့စည်းပြီး ထိုးနှံပေးလျက်ရှိပါကြောင်း၊ သို့ရာတွင် ကာကွယ်ဆေးများ သတ်မှတ်ကာလအတိုင်း အကျိုးရှိထိရောက်စွာဖြင့် ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေးအတွက် ခရိုင်/ မြို့နယ်ကော်မတီများက အနီးကပ်ကြပ်မတ်ဆောင်ရွက်ကြရန် လိုကြောင်း၊ ကော်မတီအဖွဲ့ဝင်များ အနေဖြင့်လည်း ဆေးထိုးလုပ်ငန်းနှင့် စပ်လျဉ်း၍ အားနည်းချက်၊ အားသာချက်များအပေါ်  ဆင်ခြင် သုံးသပ်ဆွေးနွေးပြီး ပိုမိုထိရောက်အောင်မြင်သော နည်းလမ်းများဖြင့် ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း မှာကြားသည်။

          ထို့နောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်အောင်မျိုးဦးက ကာကွယ် ဆေးထိုးနှံရေးလုပ်ငန်းတွင် တပ်မတော်မှ ပူးပေါင်းကူညီဆောင်ရွက်ပေးနေမှုနှင့် ဆက်လက် ကူညီ ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ကော်မတီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနတို့မှ ပြည်နယ်အတွင်း ခရိုင်၊ မြို့နယ်များ အလိုက် ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများ၊ ဆေးလက်ကျန် ကျန်ရှိမှု အခြေအနေ၊ ရာနှုန်း ပြည့်ထိုးနှံပြီးစီးရေး နေ့ရက်အလိုက် ထိုးနှံပေးသွားမည့် လူဦးရေစာရင်းများပါဝင်သည့် အသေးစိတ် အစီအမံများနှင့်  ဆေးထိုးလုပ်ငန်းနှင့် စပ်လျဉ်း၍ အားနည်းချက်၊ အားသာချက်များနှင့် ဆက်လက် ကြိုးပမ်းအားထုတ် ဆောင်ရွက်သွားရမည့်ကိစ္စရပ်များအပေါ် သုံးသပ်ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ခရိုင်၊ မြို့နယ်များအလိုက် ကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်၊ မြို့နယ် များတွင် ကာကွယ်ဆေးရရှိမှု၊ ထိုးနှံပေးရန် ကျန်ရှိမှု အခြေအနေများ၊ ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို အသီးသီးတင်ပြကြရာ  ပြည်နယ်ဝန်ကြီးချုပ်က ကာကွယ်ဆေးထိုးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးအောင် ထိုးနှံပေးနိုင်ရေး ဆက်လက်လုပ်ဆောင်သွားရ မည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။