ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ တက်ရောက်ပြီး အောင်ပွဲရ ကချင်ပြည်နယ်ပိုက်ကျော်ခြင်းအသင်းအား လေဆိပ်၌ ဂုဏ်ပြုကြိုဆို

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ တက်ရောက်ပြီး အောင်ပွဲရ ကချင်ပြည်နယ်ပိုက်ကျော်ခြင်းအသင်းအား လေဆိပ်၌ ဂုဏ်ပြုကြိုဆို

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဇူလိုင် ၁၆ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ ခေမာသီဝံကျောင်းတိုက်ဆရာတော် အဂ္ဂ မဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒာဝရာဘိဝံသ အမှူးပြုသော ဆရာတော်၊ သံဃာတော်များထံမှ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များကို နာယူကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္တုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို ရုတ်သိမ်းခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာတော်/ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ ပြည်နယ် အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် အတူ မြစ်ကြီးနားလေဆိပ်၌ ၂၀၂၂ ခုနှစ်၊ တိုင်း‌ဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အောင်ပွဲရ ပြည်နယ်ကိုယ်စားပြုကစားသမားများအား ပန်းပွားအကများ၊ ရှမ်းရိုးရာအတီးအမှုတ်များ ဖြင့် ဂုဏ်ပြု ကြိုဆိုခဲ့ကြသည်။

ယင်းနောက် လေဆိပ်ဧည့်ခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်လက်ရွေးစင်ပိုက်ကျော် ခြင်းအသင်း၏ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများအား ပြည်နယ်အတွက် နှစ်ယောက် တွဲပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုထပ်မံရယူခဲ့ကြပြီး ပြည်နယ်ဂုဏ်ကို မြှင့်တင်နိုင်ခဲ့သည့် အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဆက်လက်၍လည်း မိမိတို့ရရှိထားသည့် ရွှေတံဆိပ်ဆုကို ထိန်းသိမ်းနိုင်ရန်နှင့် နောင်လာမည့် ပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်ထားကြရန် လိုကြောင်း ဂုဏ်ပြုပြောကြားပြီး အုပ်ချုပ်သူတစ်ဦးက ပြိုင်ပွဲအတွေ့အကြုံများကို ရှင်းလင်းတင်ပြကာ ပြည်နယ် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ရင်းရင်းနှီးနှီး နှုတ်ဆက်ဂုဏ်ပြုခဲ့ကြသည်။

အဆိုပါ အောင်ပွဲရပြည်နယ်လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းအနေဖြင့် ဇူလိုင် ၅ ရက်မှ ဇူလိုင် ၁၅ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးပိုက်ကျော်ခြင်းပြိုင်ပွဲသို့ အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲ၊ သုံးယောက်တွဲ ပြိုင်ပွဲများတွင် ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ကချင်ပြည်နယ်အနေဖြင့် ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် အမျိုးသမီးဂေါက်သီးရိုက်အသင်း၊ အေရိုးဗစ်အသင်းနှင့် အမျိုးသမီးဘောလီ ဘောအသင်းတို့သည်လည်း တံခွန်စိုက်ဒိုင်းဆုများကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရှိရသည်။