ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဗလမင်းထင် ဧက ၁၀၀ စံပြစိုက်ကွက်အတွင်းရှိ အင်ဂျန်းခချောင်း (ပင်မမြောင်း)အတွင်း ငါးသားပေါက်ကောင်ရေ (၂) သိန်း စိုက်ထည့်ပေး၊ ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့တွင် တာဝန်ထမ်းဆောင် နေသော ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဗလမင်းထင် ဧက ၁၀၀ စံပြစိုက်ကွက်အတွင်းရှိ အင်ဂျန်းခချောင်း (ပင်မမြောင်း)အတွင်း ငါးသားပေါက်ကောင်ရေ (၂) သိန်း စိုက်ထည့်ပေး၊ ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့တွင် တာဝန်ထမ်းဆောင် နေသော ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     သြဂုတ် ၁၅

          ကချင်ပြည်နယ်အတွင်း ငါးစားသုံးမှုဖူလုံစေရေး၊ ငါးထုတ်လုပ်မှု တိုးတက်မြှင့်မားလာစေရေး နှင့် မိုးစပါးစိုက်တောင်သူများ အကျိုးဖြစ်ထွန်းစေရေး ရည်ရွယ်၍ မြစ်ကြီးနားမြို့ ဗလမင်းထင် ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း ပြည်နယ်ရန်ပုံငွေဖြင့် အရှည်ပေ ၁၀၀၀၀ ကျော် တူးဖော်ဆောင်ရွက်ပေး ခဲ့သော အင်ဂျန်းခချောင်း(ပင်မမြောင်း)အတွင်း ငါးသားပေါက်များ စိုက်ထည့်ခြင်းနှင့် လုပ်ကွက်ငယ် ငါးမွေးတောင်သူများထံ ငါးသားပေါက်များနှင့် ငါးအစာအိတ်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို သြဂုတ် ၁၅ ရက် နံနက် ၈ နာရီက အဆိုပါစံပြစိုက်ကွက်၌ ကျင်းပပြုလုပ်သည်။

          အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး နှင့် တာဝန်ရှိသူများ၊ လုပ်ကွက်ငယ်ငါးမွေးတောင်သူများအား၊ ဧက ၁၀၀ စံပြစိုက်ကွက်မှ ဒေသခံ တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီးပင်မမြောင်းအတွင်း ငါးသားပေါက်များ စိုက်ထည့်ပေးရခြင်း ၏ ရည်ရွယ်ချက်များနှင့် စိုက်ပျိုးမွေးမြူရေးတောင်သူများဘဝ တိုးတက်မြှင့်မားလာစေရေး ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားကာ လုပ်ကွက်ငယ်ငါးမွေး တောင်သူများထံ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ  ၂၀၀၀ နှင့် ငါးအစာအိတ် (၆)အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် ငါးလုပ်ငန်းဦးစီဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစောအောင်ရဲထွဋ်လွင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများနှင့်အတူ ငါးမြစ်ချင်း ငါးသားပေါက်ကောင် ၂ သိန်းကို အဆိုပါ အင်ဂျန်းခချောင်း (ပင်မမြောင်း)တစ်လျှောက် တပ်ကုန်းကွင်းအတွင်းနှင့် မန်ခိန်ကွင်းအတွင်းတို့တွင် လည်းကောင်း၊ ကျောက်စိမ်းလမ်းနေရာ၌ လည်းကောင်း၊ ဒူဝါဇော်ရစ်လမ်းနေရာ၌ လည်းကောင်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။

          ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ညနေ ၃ နာရီတွင် ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့တွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း/ အမှုထမ်းများအား ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ အား ထောက်ပံ့ပေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

          ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလို အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းသည် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များအပေါ် အားကျိုးမာန်တက် တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် ကြိုးစားဆောင်ရွက်မှုကို အသိအမှတ်ပြုခြင်းဖြစ်သည့် အပြင် ဝန်ထမ်းမိသားစုများ၏ နေထိုင်စားသောက်မှုကို တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေ ရန် မေတ္တာဖြင့် ထောက်ပံ့ပေးရခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အခြေခံစားသောက်ကုန်များအပြင် အခြားလိုအပ်ချက်များကိုလည်း အခါအားလျော်စွာထောက်ပံ့ပေးနိုင်ရေး အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဇနီးတို့က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီရုံး၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ရုံး၊ နိုင်ငံ့စီးပွားမြှင့် တင်ရေးရုံးအဖွဲ့၊သတင်းအဖွဲ့နှင့် ဧရာဝတီရိပ်သာတို့တွင် တာဝန်ထမ်းဆောင်နေကြသော အရာထမ်း/ အမှုထမ်းများနှင့် နေ့စားဝန်ထမ်း စုစုပေါင်း (၃၇၄)ဦးတို့အတွက် စုစုပေါင်းငွေကျပ် ၁၈၈၈၀၀၀၀ တန်ဖိုးရှိ တစ်ဦးလျှင် ဆန် (၆)ပြည်အိတ် (၁)အိတ်စီ၊ ကြက်ဥ (၃၀)လုံး၊ ဆီ၊ ကြက်သွန်နီနှင့် ကုလားပဲ (၁)ပိဿာစီတို့ကို အသီးသီးထောက်ပံ့ပေးအပ်ရာ ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယခုကဲ့သို့ ဝန်ထမ်းများအား ထောက်ပံ့ပေးအပ်ခြင်း သည် ၂၀၂၃ ခုနှစ်အတွင်း တတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်တွင် ဝန်ထမ်း (၃၄၅)ဦးတို့ အတွက် ငွေကျပ်(၁၅၆၅၈၅၀၀)တန်ဖိုးရှိ အခြေခံစားသောက်ကုန်ပစ္စည်း (၅)မျိုး၊  ဒုတိယအကြိမ်ကို မြန်မာနှစ်သစ်ကူးချိန်၌ ဝန်ထမ်း(၃၆၇)ဦးတို့အတွက် ငွေကျပ် (၂၀၂၈၅၀၀၀)တန်ဖိုးရှိ သင်္ကြန်မုန့်ဖိုး တစ်သောင်းစီနှင့် အခြေခံစားသောက်ကုန်များကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။