ကချင်ပြည်နယ်ဝန်ကြီးချုပ် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ (၁၇)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်အားပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ (၁၇)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်အားပေး

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၉

          သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)၏ (၁၇)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၉ နာရီက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက် အားပေးခဲ့ကြသည်။

          ရှေးဦးစွာ ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဒုတိယ ပါမောက္ခချုပ် ဦးမင်းမင်းဦးတို့က တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့ဝင်ပုဂ္ဂိုလ်များက ဘွဲ့နှင်းသဘင်ခန်းမဆောင်ရှိ စင်မြင့်၌ နေရာယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍတိုးတက်မြင့်မားရေးကို အဟန့်အတားဖြစ်စေသည့် အခက်အခဲ၊ ပြဿနာများ၊ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများရှိပြီး အနာဂတ်လူငယ်များအတွက် ကိုယ်ရည်ကိုယ် သွေးများရှိသည့် ဘွဲ့ရလူငယ်များဖြစ်အောင် ခေတ်မီသည့် သင်ရိုးမာတိကာများ၊ သင်ကြားနည်းစနစ် များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလို ပညာရေးကဏ္ဍကို ရင်းနှီးမြှုပ်နှံခြင်း သည် လတ်လလောအကျိုးသက်ရောက်မှုအတွက် မဟုတ်ဘဲ ရေရှည်တွင် နိုင်ငံတော် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖြစ်ပါကြောင်း၊ ယနေ့ ဘွဲ့ရလူငယ်မောင်မယ်များအနေဖြင့် မိမိတို့ လေ့ကျင့် သင်ကြားခဲ့ရသည့် အသိပညာဗဟုသုတများကို လက်တွေ့အသုံးချပြီး မိမိပတ်ဝန်းကျင်၊ မိမိပြည်နယ်၊ မိမိတို့နိုင်ငံကို အကျိုးပြုသည့် လူငယ်အင်ဂျင်နီယာကောင်းများဖြစ်အောင် ကျင့်ကြံနေထိုင်ကြရန် အထူးမှာကြားလိုပါကြောင်း ပြောကြားသည်။

ထို့နောက် တက္ကသိုလ်ဒုတိယပါမောက္ခချုပ်က အင်ဂျင်နီယာဘွဲ့များအတွက် ကောင်းစွာ အောင်မြင်ပေါက်မြောက်ခဲ့ပြီဟု  သက်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့က ကြေငြာထားပြီး ဖြစ်သည့် အင်ဂျင်နီယာ (မြို့ပြအင်ဂျင်နီယာ) ဘွဲ့ရ ကျောင်းသား/ ကျောင်းသူ (၁၅)ဦး၊ အီလက် ထရွန်နစ်အင်ဂျင်နီယာဘွဲ့ရ ကျောင်းသား/ ကျောင်းသူ (၆)ဦး၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘွဲ့ရ ကျောင်းသား/ကျောင်းသူ (၉)ဦး၊ စက်မှုအင်ဂျင်နီယာဘွဲ့ရ ကျောင်းသား/ ကျောင်းသူ (၈)ဦး စုစုပေါင်း (၃၈)ဦးတို့အား ဘွဲ့လက်မှတ်များ အပ်နှင်းခဲ့ကြပြီး ဘွဲ့အသီးသီးအတွက် အဝေးရောက်ဘွဲ့ယူမည့် ကျောင်းသား/ကျောင်းသူ (၃၉)ဦးတို့အတွက်ကိုလည်း ပေးအပ်ခဲ့ကြကာ ဘွဲ့ရသူများ၏ အမည် စာရင်းအား လက်မှတ်ရေးထိုးပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြိးချုပ်နှင့်အဖွဲ့ဝင်များသည် ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဘွဲ့ ရ ကျောင်းသား/ ကျောင်းသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ထို့အတူ မြစ်ကြီးနားမြို့၌ ယနေ့ နံနက်ပိုင်းတွင် ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)၏ (၁၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်သူရ၊ လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းတို့တက်ရောက် အားပေးခဲ့ကြပြီး ကွန်ပျူတာတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်နှင့် တက္ကသိုလ်ပညာရေးအဖွဲ့ဝင်များနှင့် စီမံခန့်ခွဲရေးအဖွဲ့ဝင်များက (၂၀၁၉-၂၀၂၂) ပညာသင်နှစ်အတွက် ကွန်ပျူတာသိပ္ပံဘွဲ့ရ (B.C.Sc)ဘွဲ့ရ ကျောင်းသား/ကျောင်းသူ (၂၂)ဦး၊ ကွန်ပျူတာနည်းပညာဘွဲ့ရ ကျောင်းသား/ ကျောင်းသူ (၁၀)ဦးတို့နှင့် အဝေးရောက်ဘွဲ့ယူမည့်သူ (၁၃)ဦးတို့ ဘွဲ့လက်မှတ်များ အပ်နှင်းချီးမြှင့်ခဲ့ကြောင်း သိရသည်။

          ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပမ္ပတီးရပ်ကွက်အတွင်းရှိ ပမ္မတီး အနောက်မြောက်ကွင်း၌ တောင်သူ ဦးချစ်ဆွေနှင့် အစုအဖွဲ့များ၏ ငါးအိုး စိုက်ပျိုးရေးနှင့် အထွေထွေ သမဝါယလီမိတက်အသင်းပိုင် လယ်မြေများပေါ်တွင် မိုးစပါးရိတ်သိမ်းပြီးချိန် ဆောင်းသီးထပ်လယ် သီးနှံအဖြစ် ပဲပုပ်၊ နေကြာသီးညှပ်နှင့် ဟင်းသီးဟင်းရွက်စိုက်ကွင်း (၄၄ ဒဿမ ၀၅)ဧကအတွင်း ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် စိုက်ပျိုးရေ လုံလောက်စွာရရှိရေး စက်ရေတွင်းများ၊ ဆိုလာ စက်ရေတွင်းများ  တူးဖော်ဆောင်ရွက်ထားရှိမှုတို့ကြောင့် စိုက်ခင်းများအတွင်း သီးနှံများ အောင်မြင် ဖြစ်ထွန်းနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

          ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ တာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပပြု လုပ်သည့် (၂၀၂၃-၂၀၂၄)ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြိးချုပ်က နိုင်ငံတော် အနေဖြင့် ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်မြင့်မားသည့် ကျောင်းသား/ ကျောင်းသူများ မွေးထုတ်ပေးနိုင် ရေး နှစ်စဉ် ပညာသင်နှစ်အလိုက် တက္ကသိုလ်တိုင်းတွင် အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်ပေးလျက်ရှိ ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ ကျောင်းသားလူငယ်များသည် အားကစားကဏ္ဍကို ပိုမိုစိတ်ဝင်တစား ရှိလာပြီး ပါဝင်ယှဉ်ပြိုင်လာကြသည့်အတွက် မိမိအနေဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်းနှင့် အနာဂတ်တွင် ဗလငါးတန်ဖြင့် ဖွံ့ဖြိုးတိုးတက်သော လူကောင်းလူရည်မွန်များ ဖြစ်ပေါ်လာစေရန် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဘာသာရပ်ပေါင်းစုံမှ ဘောလုံးအသင်း (၁၂)သင်းမှ အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘောလုံးပြိုင်ပွဲအတွက် ထောက်ပံ့ငွေကျပ် ၂၀ သိန်းနှင့် ပြည်နယ်လူ မှုရေးရာဝန်ကြီးက တက္ကသိုလ်အတွက် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်ပွဲစဉ်အဖြစ် ဘူမိဗေဒအသင်းနှင့် ရူပဗေဒ အသင်းတို့ ယှဉ်ပြိုင်ကစားနိုင်ရေး စပေးဘောလုံးကို ဘောလုံးကွင်းအတွင်း ကန်သွင်း၍ ဖွင့်လှစ်ပေးခဲ့ ကာ ဘောလုံးပွဲယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။