ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ ကျင်းပ၊ အင်းတော်ကြီး ငါးလုပ်ငန်းစခန်းအား ပြန်လည်ပြုပြင်၍ ငါးသားပေါက်များ ထုတ်လုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     မတ် ၇

          ကချင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရေးပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ပေးနိုင်ခြင်းအားဖြင့် ပြည် နယ်၏ စီးပွားရေးနှင့် စားရေရိက္ခာဖူလုံမှု အထောက်အပံ့ဖြစ်စေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်အတွင်းရှိ MSME စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို မတ် ၇ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

          အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်သည် သဘာဝ အရင်းအမြစ် ပေါကြွယ်ဝပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းသည့် ပြည်နယ်တစ်ခုဖြစ်သည့် အတွက် ယနေ့ တက်ရောက်လာကြသည့် လုပ်ငန်းရှင်များအနေဖြင့် ပေါများကြွယ်ဝသော သဘာဝ အရင်းအမြစ်ထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် အခွင့်အရေးတစ်ရပ်အဖြစ် တန်ဖိုးရှိရှိ အသုံးချကြရမည်ဖြစ်ပါကြောင်း၊ ယနေ့ နိုင်ငံတော်အစိုးရအနေ ဖြင့်လည်း MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အားပေးဆောင်ရွက်လျက်ရှိ သည့်အပြင် ချေးငွေများကိုလည်း မကြာမီထုတ်ချေးပေးသွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ငန်း ရှင်များအနေဖြင့် ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် စားရေရိက္ခာဖူလုံရေးကို အထောက်အပံ့ ဖြစ်စေ‌ရေး မိမိတို့၏ လုပ်ငန်းများတိုးမြှင့်လည်ပတ်နိုင်ရေးအတွက် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းချိတ်ဆက်၍ ဟန်ချက်ညီညီကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြား သည်။

          ထို့နောက် ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူက MSME လုပ်ငန်းများအတွက် ဌာနမှ ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ပေးနေမှု၊ ချေးငွေဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် ချေးငွေအဆိုပြုလွှာပုံစံများ၊ တင်ပြရမည့် အထောက်အထား များကိုလည်းကောင်း၊ မြန်မာ့စီးပွားရေးဘဏ်၊ မြစ်ကြီးနားဘဏ်ခွဲ မန်နေဂျာက ချေးငွေများနှင့် စပ် လျဉ်း၍ အလေးထားလိုက်နာဆောင်ရွက်ရမည့် ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများကို လည်း ကောင်း၊ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်စိုးက ဌာနမှ အသေးစားစက်မှုလက်မှုလုပ်ငန်းများအတွက် လုပ်ငန်းမှတ်ပုံတင်ဆောင်ရွက်ပေးနေမှု အခြေ အနေများကို လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။

          ဆက်လက်၍ တက်ရောက်လာကြသည့် MSME လုပ်ငန်းရှင်များက ချေးငွေထုတ်ယူခြင်းဆိုင် ရာအချက်အလက်များအပေါ် သိလိုသည်များနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ဆက်စပ်သည့် လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။

          ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ မိုးညှင်းခရိုင် အင်းတော်ကြီးဒေသရှိ ငါးလုပ်ငန်းစခန်းအား ပြန်လည်ပြုပြင်၍ ငါးသားပေါက် များ ထုတ်လုပ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          ထိုသို့ ညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က အင်းတော်ကြီးဒေသအတွင်း လုပ်ငန်း ဆောင်ရွက်နိုင်ခြင်းမရှိသည့် ငါးလုပ်ငန်းစခန်းအား ယခုလို ပြန်လည်ပြုပြင်တည်ဆောက်၍ ငါးသား ပေါက်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်သွားမည့် အစီအစဉ် တင်ပြလာသည့်အတွက် ဝမ်းမြောက် ဝမ်းသာကြိုဆိုပါကြောင်း၊ ပြည်နယ်ပြင်ပမှ နှစ်စဉ် ငါးတန်ချိန်များစွာ တင်သွင်းပြီး စားသုံးနေရသည့် အတွက် ပြည်နယ်အတွင်း၌သာ ငါးသားပေါက် ထုတ်လုပ် ရောင်းချ/ ဖြန့်ဖြူးနိုင်ခြင်းအားဖြင့် ဒေသ တွင်း ငါးစားသုံးမှု ပိုမိုဖူလုံလာစေမည့်အပြင် ငါးမွေးမြူရေးလုပ်ငန်းများလည်း ပိုမိုတိုးမြှင့် ဆောင်ရွက် လာနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များအား ပွင့်လင်း ရင်းနှီးစွာတင်ပြဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက အင်းတော်ကြီးဒေသ ငါးသားဖောက်စခန်းနှင့် စပ်လျဉ်း၍ လုပ်ငန်းရပ်ဆိုင်းခဲ့ရမှု အခြေအနေများ၊ ငှားရမ်းလုပ်ကိုင်ဆောင် ဆောင်ရွက်မည်ဆိုပါက လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး၊ ကရင်ပြည်နယ်ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာအောင်မြင့်၊ စစ်ကိုင်းတိုင်း ဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်အတွင်းရေးမှူးတို့က အင်းတော်ကြီးဒေသ ငါးသားဖောက်စခန်းအား ပြန်လည်ပြုပြင်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ ငါးသားဖောက်လုပ်ငန်းဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ဒေသနှင့်ကိုက်ညီသော ငါးသားပေါက် သိန်း(၂၀)ခန့်ကို မျိုးစိုက်ထည့် ပေးသွားမည့် အစီအမံများကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုပေး နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။