ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗလမင်းထင်ဧက (၁၀၀)စံပြစိုက်ကွင်းအတွင်း လယ်သီးထပ် ဆီထွက်သီးနှံ စိုက်ပျိုးသည့် တောင်သူများအား သဘာဝမြေသြဇာနှင့် ရွက်ဖျန်းမြေသြဇာအိတ်များပေးအပ်၊ အချိန်ကိုက်အချိုးကျပက်ဖျန်းခြင်းကွင်းသရုပ်ပြပွဲနှင့် ပညာရေးဒီဂရီကောလိပ် (မြစ်ကြီးနား)၏ အားကစားပြိုင်ပွဲများဆုချီးမြှင့်ပွဲသို့ တက်ရောက်

မြစ်ကြီးနား ဖေဖော်ဝါရီ ၁၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဗလမင်းထင်ဧက (၁၀၀) စံပြစိုက်ကွင်းအတွင်း (လယ်သီးထပ်) ဆီထွက်သီးနှံများ စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးသည့်တောင်သူများအား သဘာဝမြေသြဇာနှင့် ရွက်ဖျန်းမြေသြဇာအိတ်များပေးအပ်ခြင်းနှင့် ရွက်ဖျန်းမြေသြဇာအချိန်ကိုက်အချိုးကျ ပက်ဖျန်းခြင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါစံပြစိုက်ကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ သဘာဝမြေသြဇာနှင့် ရွက်ဖျန်းမြေသြဇာအိတ်များ ပေးအပ်ပွဲအခမ်းအနားကို စံပြ စိုက်ကွင်း၊ မန်ခိန်ကွင်း၌ ကျင်းပပြုလုပ်ရာ ကွင်းအတွင်းရှိ တောင်သူများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဗလမင်းထင်စံပြစိုက်ကွင်းအား မိုးစပါးအပြင် လယ်သီးထပ်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး စိုက်ပျိုး‌ရေရှိရေး၊ မြေဆီမြေနှစ်ပြည့်ဝရေးတို့ကို အစဉ်တစ်စိုက်ဆောင်ရွက်ခဲ့ရာ သီးထပ်စိုက်ပျိုးမှု တိုးမြှင့်လာပြီဖြစ်သော်လည်း လယ်ဧကအားလုံး တိုးချဲ့စိုက်ပျိုးနိုင်‌ရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယနေ့ ပဲပုပ်နှင့် နေကြာသီးထပ်အတွက်လိုအပ်သည့် သွင်းအားစုများ အချိန်ကိုက် ဖြည့်ဆည်းပေးနိုင်ရေး သွင်းအားစုများကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် တောင်သူများအနေဖြင့် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးသွားကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ဗလမင်းထင်စံပြစိုက်ခင်းအတွင်း စိုက်ပျိုးဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆီထွက်သီးနှံစိုက်ပျိုးပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် လယ်သီးထပ်ဆီထွက်သီးနှံစိုက်ပျိုးကြသည့် တောင်သူများအတွက် အချိန်ကိုက်အသုံးချနိုင်ရေး သဘာဝမြေသြဇာအိတ်များနှင့် ရွက်ဖျန်းမြေသြဇာအိတ်များကို ပေးအပ်ခဲ့ကာ တောင်သူများ၏ သီးထပ်စိုက်ပျိုးရေးအတွက် လိုအပ်ချက်များအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူများနှင့်အတူ ဆောင်းသီးထပ်ဆီထွက်သီးနှံ ပဲပုပ်စိုက်ခင်းအတွင်း စိုက်ပျိုးဦးစီးဌာနဝန်ထမ်းများက ရွက်ဖျန်းမြေသြဇာ အချိန်ကိုက်အချိုးကျပက်ဖျန်းခြင်း တောင်သူအသိပညာပေး သရုပ်ပြပက်ဖျန်းပေးမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး လယ်သီးထပ်တိုးချဲ့ စိုက်ပျိုးလိုသည့် တောင်သူများအားလိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေး ခဲ့သည်။
ထို့နောက် စံပြစိုက်ကွင်း တပ်ကုန်းကွင်းဘက်၌ တောင်သူများ၏ လယ်များအတွင်း ဆီထွက်သီးနှံနေကြာနှင့် ပဲပုပ်ခင်းများ စိုက်ပျိုးဆောင်ရွက်ထားရှိမှုနှင့် ဖြစ်ထွန်းအောင်မြင်လျက်ရှိသည့် အခြေအနေများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနက တောင်သူအသိပညာပေး စိုက်ပျိုးပြသထားသည့် လယ်သီးထပ်သီးနှံစုံအကန့်လိုက် စိုက်ပျိုးခြင်း (Strip Cropping) နည်းစနစ်ဖြင့် နေကြာ၊ ပဲပုပ်နှင့် ဖူစားပြောင်းပင်များ စိုက်ပျိုးဆောင်ရွက်ထားရှိမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းကျင်းပပြုလုပ်သည့် ပညာရေးဒီဂရီကောလိပ် (မြစ်ကြီးနား)၏ အားကစားပြိုင်ပွဲများ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြရာ ပညာရေးဒီဂရီကောလိပ်ကျောင်းသူလေးများက မင်္ဂလာပါတေးသီချင်း၊ ရှမ်းတိုင်းရင်းသားရိုးရာအကတို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ဆက်လက်၍ အားကစားပြိုင်ပွဲများ ဗိုလ်လုပွဲစဉ်အဖြစ် အမျိုးသား/ အမျိုးသမီး အပြေးပြိုင်ပွဲများကို ကျင်းပပြုလုပ်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ် ဒေါ်ဥမ္မာမြင့်က အားကစားပြိုင်ပွဲများ ကျင်းပနိုင်ခဲ့မှုအပေါ် ပါဝင်ကူညီဆောင်ရွက်ပေးကြသူများကို ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် ကျောင်းအုပ်ကြီး၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အမျိုးသား/ အမျိုးသမီး မီတာ(၁၀၀)၊ မီတာ(၂၀၀)၊ မီတာ(၄၀၀)နှင့် မီတာ(၈၀၀) အပြေးပြိုင်ပွဲများတွင် ဆုရရှိသူများ၊ အမျိုးသား/ အမျိုးသမီးသံလုံးပစ်/ သံပြားပစ်ပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲများတွင် ဆုရရှိသူများနှင့်ပိုက်ကျော်ခြင်း၊ ဘောလီဘောပြိုင်ပွဲများတွင် ဆုရရှိသည့်အသင်းများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က အားကစားနည်းအလိုက် ပြိုင်ပွဲများ တွင် အမှတ်အများဆုံးရရှိခဲ့သည့် တံခွန်စိုက်ဒိုင်းဆုရ အလောင်းဘုရားအသင်းအားလည်းကောင်း၊ ဖျော်ဖြေရေးအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ မွန်းလွဲပိုင်းကလည်း မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးအတွင်းရှိ မနော‌ရွှေပြည်ခန်းမ၌ ပြည်နယ်အတွင်းရှိ ခရိုင်/ မြို့နယ်များမှ ပြည်နယ်ရုံးများ၌ လာရောက်တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် ဆန်နှင့်အခြေခံစားသောက်ကုန်များ ပေးအပ်ချီးမြှင့်ပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အားပေးအမှာစကားပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ နေထိုင်စားသောက်မှုအဆင်ပြေစေရေး ဆန်အိတ်များနှင့် ကြက်ဥ၊ ခရမ်းချဉ်သီးများကို ချီးမြှင့်ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ရုံးကြီးလမ်းနှင့် အောင်ဆန်းလမ်းဆုံနေရာမှ အောင်ဆန်းလမ်းနှင့် ဘုရင်နောင်လမ်းဆုံနေရာအထိ လမ်းဘေးဝဲဘက်အခြမ်းတွင် သန့်ရှင်းသာယာလှပရေးအတွက် မြေနိမ့်ချိုင့်ဝှမ်းများအတွင်း ကျောက်လုံးစီရေမြောင်းနှင့် သဲကျောက်ဖြည့်စွက်နေမှု အခြေအနေများ၊ ဆက်သွယ်ရေးကြိုးနှင့် လမ်းမီးတိုင်မီးကြိုးများအား သစ်ပင်/သစ်ကိုင်းများ ထိစပ်နေမှုအပေါ် ခုတ်ထွင်ရှင်းလင်းနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့မှတစ်ဆင့် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ဧရာဝတီမြစ်ကမ်းဘေးရှိ ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်းသို့သွား‌ရောက်ခဲ့ကြပြီး အပန်းဖြေစခန်းအတွင်းရှိ အပန်းဖြေရိပ်သာပင်မအဆောင်၌ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်က အများပြည်သူ အပန်းဖြေအနားယူရန် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် ပြည်သူအများအပြားအပန်းဖြေလာရောက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အပန်းဖြေစခန်း ရေရှည်တည်တံ့စွာ၊ ပိုမိုသာယာလှပစွာဆောင်ရွက်နိုင်ရေး၊ ထို့အပြင် တစ်ဆက်တစ်စပ်တည်း ဆောင်ရွက်သွားမည့် ရေကြီးရေလျှံမှု ကမ်းထိန်းနံရံများ၊ ရေလျှံတားနံရံများနှင့်အင်ချန်းချောင်း ရေတံခါးတည်ဆောက်သွားမည့် အစီအစဉ်များအပေါ် စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရေးအားလုံးက ဝိုင်းဝန်းဆွေးနွေးသွားကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက်တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက အပန်းဖြေစခန်းအား နှစ်အလိုက် ရေရှည်သာယာလှပအောင်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်အင်ဂျန်းချောင်း ရေထိန်းတံခါးနှင့် ဗလမင်းထင်တံတား အထက်ပိုင်းကျောက်စီမြေထိန်းတမံနှင့် စခန်းဧရိယာအတွင်းပါဝင်သည့် အင်ဂျန်းချောင်းရေထိန်းတံခါး တည်ဆောက်သွားမည့် အစီအစဉ်များ၊ ရေလယ်သောင်တူးခြင်းလုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က အပန်းဖြေစခန်းအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းဆောင်ရွက်နိုင်ရေး၊ မြစ်ကမ်းပါးတစ်လျှောက် သဲ‌သောင်ခုံဧရိယာ စနစ်တကျ တိုင်းထွာသတ်မှတ်ရေး၊ သဲခုံပေါ်တွင် စိုက်ပျိုးထားသည့် ဆီမုန်ညှင်းများရိတ်သိမ်းနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် စခန်းအတွင်း စိုက်ပျိုးထားသည့် နေကြာစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။