ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော် အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲနှင့်အတူ ကချင်တိုင်းရင်းသားတို့၏ ရိုးရာမနောအကတို့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပ

 ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော် အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲနှင့်အတူ ကချင်တိုင်းရင်းသားတို့၏ ရိုးရာမနောအကတို့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပ

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၂

          (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် နိုင်ငံတော်အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲနှင့်အတူ ကချင်တိုင်းရင်းသားရိုးရာမနောအက တို့ဖြင့် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း ရှေ့မြက်ခင်းပြင်၌ စည်ကားသိုက်မြိုက် စွာကျင်းပပြုလုပ်ခဲ့ကြသည်။

          ရှေးဦးစွာ နံနက် ၅ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ ဦးဆောင်၍ ဂုဏ်ပြုတပ်ဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအား လွှင့်တင်ခဲ့ကြပြီး နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။

          ထို့နောက် နံနက် ၇ နာရီတွင် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့်ဇနီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချူပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ရာဇာထွန်းနှင့် ဇနီး၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်နှင့်ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များက ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ နိုင်ငံတော်အလံအား အ‌လေးပြုကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့လာသည့် သဝဏ်လွှာအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဖတ်ကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ဒုတိယ တိုင်းမှူး၊ တာဝန်ရှိသူများက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဆင့်မြင့်ပညာနှင့် အခြေခံပညာအဆင့် စာစီစာကုံး၊ ကဗျာ၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေများ ထည့်ဝင်လှူဒါန်းပေးသည့် အလှူရှင်များအတွက် ဂုဏ်ပြု မှတ်တမ်းလွှာများကို လည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့ကြပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ယင်းနောက် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဌာနတိုင်းရင်းသား အားလုံးပါဝင်ပြီး ပြည်ထောင်စု၏ စည်းလုံးညီညွတ်မှုကို ဖော်ကျူးသည့်အနေဖြင့် ရိုးရာမနောပွဲ ဖွင့်ပွဲ အခမ်းအနားကို မနောကွင်းငယ်ရှေ့၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြရာ ကက်သလစ်အသင်းတော် ဖာသာဂေါ်လူယုံဝါနှင့် နှစ်ခြင်း ခရစ်ယာန်အသင်းတော် သိက္ခာတော်ရဆရာတော် ဦးမဒိန်ဇုန်းကျန်း တို့က ပြည်‌ထောင်စုနေ့ အထိမ်းအမှတ် မနောအကဖြင့် စုပေါင်းကျင်းပပြုလုပ်နိုင်ရေး ဆုတောင်း ဆက်ကပ်ကောင်းချီး‌ပေးခဲ့ကြသည်။

ထို့နောက် မနောကွင်းငယ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ဒုတိယတိုင်းမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အဖွင့်မနောအကနှင့် အပိတ်မနော အကကို မနောအက ဦးဆောင်သူ နောင်ရှောင်များနှင့်အတူ တက်ရောက်လာကြသည့် ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အရာထမ်း/ အမှုထမ်းများ၊ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ပညာရေးဒီဂရီ ကောလိပ်နှင့် သူနာပြုသားဖွားသင်တန်းကျောင်းများမှသင်တန်းသား/သင်တန်းသူများ၊ အခြေခံပညာ ကျောင်းသား/ ကျောင်းသူများ၊ တက်ရောက်လာကြသူများက တစ်ပျော်တစ်ပါး စုပေါင်းပါဝင်ဆင်နွှဲခဲ့ ကြကြောင်း သိရသည်။