ကချင်ပြည်နယ် ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ပေါ်ရှိ ကိုဗစ်-၁၉ အတည်ပြု လူနာများ ပြုစုစောင့်‌ရှောက်ရေး စခန်းများသို့ ကိုဗစ်ကာကွယ်ရေး သုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ် လှူဒါန်း

 ကချင်ပြည်နယ် ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ပေါ်ရှိ ကိုဗစ်-၁၉ အတည်ပြု လူနာများ ပြုစုစောင့်‌ရှောက်ရေး စခန်းများသို့ ကိုဗစ်ကာကွယ်ရေး သုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ် လှူဒါန်း

မြစ်ကြီးနား            နိုဝင်ဘာ ၅

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို အရပ်ဖက် အဖွဲ့အစည်းများ ဘာသာရေးအဖွဲ့အစည်းများဖြင့် ချိတ်ဆက် ပူးပေါင်းဆောင်ရွက် လျက်ရှိရာ နိုဝင်ဘာလ ၄ ရက်နေ့ မွန်းလွှဲ ၂ နာရီတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ပေါ်ရှိ ကတ်သလစ်အသင်းတော်ပိုင် ကိုဗစ်-၁၉ အတည်ပြုလူနာများ ပြုစုစောင့်ရှောက်ရေး စခန်းများသို့ သွားရောက်ပြီး ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ကို ပေးအပ်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်‌ဆောင်၊ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့  အောင်နန်း ရပ်ကွက်ရှိ စိန်ကိုလန်ဘန်ကဒီဒြယ် ကတ်သလစ် အသင်းတော်ပိုင် ကိုဗစ်-၁၉ အတည်ပြုလူနာများ ပြုစု စောင့်ရှောက်ရေး စခန်း၌ ဘုန်း‌တော်ကြီး၊ ဆရာဝန်နှင့် စေတနာ့ဝန်ထမ်းများ ၊ လူမှုရေး အဖွဲ့အစည်းများ ပူးပေါင်း၍ လူနာများအား ပြုစုစောင့်ရှောက် ပေးနေမှုလုပ်ငန်းများ ၊ လိုအပ်ချက်များနှင့်ပတ်သက်၍  မေးမြန်း ဆွေး‌နွေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့ဆေးရုံကြီးနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များကို ပံ့ပိုး ကူညီပေးနိုင်ရေး ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကာ အသင်းတော်အတွက် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ဖြစ်သည့်  PPEဝတ်စုံများ၊ နှာခေါင်းစည်း Mask များနှင့် စေတနာ့ဝန်ထမ်းများ လူမှုရေးအသင်းအဖွဲ့ များအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် နန်းကွေ့ကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်(KBC)မှ ဆောင်ရွက် လျက်ရှိသည့် ကိုဗစ်-၁၉ အတည်ပြု  လူနာများ စောင့်ရှောက်ရေးစခန်း၌ စခန်းတာဝန်ခံများ စေတနာ့ဝန်ထမ်းများအား လုပ်ငန်းဆောင်ရွက်နေမှုအပိုင်းများနှင့် အောက်စီဂျင်လိုအပ်ချက် အခြေအနေတို့ကို ‌မေးမြန်းဆွေးနွေးကာ စခန်းအတွင်းရှိ  လူနာဆောင်များ မှ လူနာများအား အား‌ပေးစကား ပြောကြားခဲ့ပြီး စေတနာ့ဝန်ထမ်းများအတွက် PPE၀တ်စုံများ၊ နှာခေါင်းစည်း Mask များနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အဲဒီ‌နောက် ဒူကထောင် ရပ်ကွက်ရှိ စိန့်ဂျိုးဇက် ကတ်သလစ်အသင်းတော် ကလေးသူငယ် ဖွံ့ဖြိုးရေး ဂေဟာအတွင်း  ဖွင့်လှစ်ဆောင်ရွက်သွားမည့် ကိုဗစ်-၁၉ အတည်ပြုလူနာများ ပြုစုစောင့်ရှောက်ရေးစခန်း အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် စေတနာ့ ဝန်ထမ်း လူငယ်များဖြင့် စုဖွဲ့ဆောင်ရွက်ထားရှိမှုများကို အသင်းတော် တာဝန်ရှိသူများနှင့်လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးတို့က  PPE၀တ်စုံများ၊ နှာခေါင်းစည်း Mask များနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြကာ  ထိုမှတဆင့် စီတာပူရပ်ကွက်အတွင်းရှိ ကျောင်းထိုင်ဘုန်းတော်ကြီးတပိုင်ရုံး ဝင်းအတွင်း ကိုဗစ်-၁၉ အတည်ပြု လူနာများအား ပြုစုစောင့်ရှောက်မှု လုပ်ငန်းများ ‌ဆောင်ရွက်နေမှု အခြေအနေတို့ကို လှည့်လည် ကြည့်ရှုအားပေးကာ‌ ကျောင်းထိုင်ဘုန်းတော်ကြီးထံ ကိုဗစ်-၁၉ ကာကွယ်ရေး သုံးပစ္စည်းများနှင့် ထောက်ပံ့ငွေ များကို ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့လှူဒါန်းမှုတွင် PPE၀တ်စုံ ၂၂၀၀ ၊ လက်အိတ်အခုရေ ၄၈၀၀၊ နှာခေါင်းစည်း Mask အခုရေ ၃၀၀၀၀ ၊ လက်သန့်ဆေးရည် ၃၀၀ဗူး၊ ဓာတ်ဆားရည် ၂၀၀ထုတ်၊ ခေါင်းစွတ်အခုရေ ၂၀၀၀ နှင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၀) သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။