မိုးကောင်းမြို့နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၏ စာပေယဉ်ကျေးမှုများ ဖော်ထုတ်ထိန်းသိမ်းနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းနှင့် ထောက်ပံ့ခြင်းများဆောင်ရွက်

 မိုးကောင်းမြို့နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၏ စာပေယဉ်ကျေးမှုများ ဖော်ထုတ်ထိန်းသိမ်းနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းနှင့် ထောက်ပံ့ခြင်းများဆောင်ရွက်

မြစ်ကြီးနား     နိုဝင်ဘာ ၅

          ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းရှိ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ၏ လိုအပ်ချက်များနှင့် စာပေယဉ်ကျေးမှုများ ရှာဖွေဖော်ထုတ်သိမ်းသိမ်းနိုင်ရေးအတွက် ညှိနှိုင်းဆွေး နွေးဆောင်ရွက်မှုများကို ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းတွင် မိုးကောင်းမြို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

          ရှေးဦးစွာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ပြည်နယ်တိုင်းရင်း သားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ မိုးကောင်းမြို့၊ ဒေဝဘုန်းတော်ကြီး ကျောင်းတိုက်၌ ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေ များကို ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း တိုင်းခမ်းတီဗဟိုစာပေယဉ်ကျေးမှုဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဆရာဖြစ်သင်တန်းတက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံပြီး တိုင်းခမ်းတီစာပေယဉ်ကျေးမှုနှင့် တိုင်းခမ်းတီသံဃ သာသနနုဂ္ဂဟအသင်းတို့၏ ရှေးပုရပိုက်များမှ သုတေသနပြုဘာသာပြန်ပြုစု ထိန်းသိမ်းခြင်းလုပ် ငန်းများနှင့် ကွန်ပျူတာစနစ်ဖြင့် ထိန်းသိမ်းနေမှုအခြေအနေများ၊ ရိုးရာယဉ် ကျေးမှုလက်မှုပညာ ရပ်များနှင့် ရှေးဟောင်းသမိုင်းဝင်စေတီများ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက် နေမှုများနှင့် တိုင်းခမ်းတီစာပေသင်ကြားရေးဆရာ/ဆရာမများ အခက်အခဲများကို ရင်းနှီးပွင့်လင်း စွာဆွေးနွေးတိုင်ပင်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးက တိုင်းခမ်းတီစာပေယဉ်ကျေးမှုအဖွဲ့၏ ကလေး သူငယ်အစောပိုင်း ကာလဖွံ့ဖြိုးရေးဆရာအဖြစ်သင်တန်းအတွက် ထောက်ပံ့ငွေကျပ် ၃ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီး တိုင်းခမ်းတီစာပေသင်ရိုးညွှန်းတမ်းစာအုပ်များပြုစုထားရှိမှုနှင့် ရှေးဟောင်း ပုရပိုက်များ စုဆောင်းထိန်းသိမ်းထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုမှတစ်ဆင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ဂျိမ်းဖောစာပေနှင့်ယဉ်ကျေးမှုကော်မတီ၊ ရှမ်းတိုင်းရင်း သားရိုးရာယဉ်ကျေးမှုကော်မတီ၊ တိုင်းလုံစာပေယဉ်ကျေးမှုအဖွဲ့၊ တိုင်းခမ်းတီစာပေယဉ်ကျေးမှု အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးက အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားများ၏ စာပေ ယဉ်ကျေးမှုများ ဖော်ထုတ်ပြုစုထိန်းသိမ်းနိုင်ရေးအတွက် ပံ့ပိုးကူညီပေးရန် အသင့်ရှိပါကြောင်း၊ ထို့အပြင် မိမိတို့ပြည်နယ်အတွင်းနေထိုင်သည့်မည်သည့် တိုင်းရင်းသားမဆို ကျောသားရင်းသား မခွဲခြားဘဲ ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။ ယင်းနောက် တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့ဝင်များက ကော်မတီရုံးရရှိရေး၊ စာပေနှင့် ရိုးရာယဉ်ကျေးမှုများ သုတေသနပြုထိန်းသိမ်းရာတွင် ကူညီထောက်ပံ့ပေးနိုင်ရေး၊ ရိုးရာယဉ်ကျေး မှုပွဲတော်များ ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးနိုင်ရေးနှင့် အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားစာပေသင်ကြားနေကြသည့် ဆရာ/ဆရာမများ၏ လိုအပ်ချက်အခက်များကို တင်ပြ ဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးက  ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များအတွက် နှာခေါင်းစည်း Mask များ၊ ထောက်ပံ့ငွေကျပ် ၂ သိန်းစီဖြင့် စုစုပေါင်းငွေကျပ် ၈ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။