(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ သွားရောက်ပါဝင်ဆင်နွှဲကြမည့် ကချင်ပြည်နယ်ကိုယ်စားပြုတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များအား အောင်မြင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်

 (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ သွားရောက်ပါဝင်ဆင်နွှဲကြမည့် ကချင်ပြည်နယ်ကိုယ်စားပြုတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များအား အောင်မြင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၃

          (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့တွင် နေပြည်တော်၌ ကျင်းပမည့် အခမ်းအနား များသို့ ကချင်ပြည်နယ်ကိုယ်စားပြုသွားရောက်ပါဝင်ဆင်နွှဲကြမည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့များအား အောင်မြင်ရေးအလံနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ဖေဖော်ဝါရီ ၃ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

          အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုနှစ် စိန်ရတု ပြည်ထောင်စု နေ့ကို ပြည်ထောင်စုစိတ်ဓာတ်နှင့် ပြည်ထောင်စု၏ တန်ဖိုး၊ အနှစ်သာရကို ပေါ်လွင်အောင် နေပြည်တော်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ လူငယ်၊ မောင်မယ် တိုင်းရင်းသားများ အနေဖြင့် ဘိုးဘွားများ ကြိုးပမ်းပါဝင်ဆောင်ရွက်ခဲ့သည့် ပြည်ထောင်စုကြီးအပေါ် မိမိတို့စိတ် နှလုံးသားထဲတွင် အောက်မေ့သတိရပြီး ပြည်ထောင်စုအမွေကို လက်ဆင့်ကမ်းသည့်အနေဖြင့် ပေးအပ်သည့် တာဝန်ကို ကျေပွန်အောင် ဆက်ခံဆောင်ရွက်သွားကြရန်လိုကြောင်း၊ ကျန်းမာရေး အထူးဂရုစိုက်ကြရန်နှင့် မိမိတို့နည်းတူ ပါဝင်ကြမည့် ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း အားပေးပြောကြားသည်။

          ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်လေးက နေပြည်တော်တွင် ကျင်းပမည့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားအတွက် ပြည်နယ်ကိုယ်စား ဆင်ယင်ပြသသွား မည့် ဂုဏ်ပြုယာဉ်များ တည်ဆောက်နေမှုဆိုင်ရာလုပ်ငန်းများနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့များအတွက် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပြီး အုပ်ချုပ်/ ထောက်ပံ့မှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က နေပြည်တော်တွင် ပါဝင်ဆင်နွှဲသွားကြမည့် တိုင်းရင်း သားရိုးရာယဉ်ကျေးမှုအကအဖွဲ့များအတွက် အုပ်ချုပ်သူများထံ အောင်မြင်ရေးအလံပေးအပ်ပြီး ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုယာဉ်များတွင် ဝန်းရံဖျော်ဖြေသွားမည့်အကအဖွဲ့ဝင်များနှင့် ရုံးအဖွဲ့ ဝင်များအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် ၁၅၇ သိန်းကို ထောက်ပံ့ပေးအပ်ရာ အုပ်ချုပ်သူအဖြစ် လိုက်ပါဆောင်ရွက်သွားမည့် တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ သွားရောက်ကြမည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များအား မြစ်ကြီးနားလေဆိပ်သို့ လိုက်လံပို့ဆောင်အားပေး နှုတ်ဆက်ခဲ့ကြသည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ဇန်နဝါရီ ၃၁ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှတစ်ဆင့် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ဆေးဝါးကုသမည့် လူနာတင်ယာဉ်အား အကြမ်းဖက်အဖွဲ့များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် ဧရာဝတီဂရုဏာ လူမှုူကူညီရေးအသင်းမှ လူနာတင်ယာဉ်မောင်း၏ နေအိမ်သို့ သွားရောက်ပြီး ၎င်း၏ မိသားစုဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များအား သွားရောက်အားပေးစကားပြောကြား ကာ ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။