ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်းမှ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ တက်ရောက်ဂုဏ်ပြုဆုချီးမြှင့်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်းမှ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ တက်ရောက်ဂုဏ်ပြုဆုချီးမြှင့်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်ရှိ အမှတ် (၄)အခြေခံပညာအထက်တန်း ကျောင်း၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်း သူများအတွက် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂ ရက် နံနက် ၉ နာရီက အဆိုပါကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ကျောင်းသား/ ကျောင်းသူလေးများက “တို့ကျောင်း” တေးသီချင်း သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။

          ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့်အတွက် အနာဂတ်မျိုးဆက်သစ် လူငယ်များအနေဖြင့် ပညာကို စဉ်ဆက် မပြတ်လေ့ကျင့်သင်ယူပြီး နိုင်ငံအတွက်၊ ပြည်နယ်အတွက် ထူးချွန်ထက်မြက်ပြီး အားကိုးအားထား ပြုနိုင်သည့် လူငယ်များဖြစ်စေလိုကြောင်း ဂုဏ်ပြုပြောကြားပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးက ဖြည့်စွက် အမှာစကားထပ်ဆင့်ပြောကြားသည်။

          ဆက်လက်၍ ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ)ဒေါ်လီလီဝေက ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်အတွင်း ကချင်ပြည်နယ်၏ ပညာရေးအောင်ချက်အခြေအနေနှင့် ပညာရေးဝန်ကြီးဌာနမှ ဖြည့်ဆည်းထောက်ပံ့ပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

          ယင်းနောက် ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဆုများ ဆက်လက်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က (၃)ဘာသာဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ (၃)ဦးတို့အတွက် ချီးမြှင့်ငွေကျပ် ၁၀ သိန်း လည်းကောင်း၊ တိုင်းမှူးက (၂)ဘာသာ ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူ (၂)ဦးတို့အတွက် ချီးမြှင့်ငွေကျပ် ၁၆ သိန်းကျော်ကို ဂုဏ်ထူးမှတ်တမ်းလွှာကို လည်းကောင်း၊ အောင်ဇေရန်အောင် တပ်ဦးကျောင်းတိုက် ဆရာတော်နှင့် ပြည်နယ် လူမှုရေးဝန်ကြီးတို့က (၁)ဘာသာဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူ(၁၀)ဦးအား လည်းကောင်း၊ ဒုတိယတိုင်းမှူး၊ တပ်မတော်အရာရှိကြီးများ နှင့် ပညာရေးဌာနမှ တာဝန်ရှိသူတို့က  တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာရပ်အလိုက် ဂုဏ်ထူး အများဆုံး ရရှိအောင် သင်ကြားပေးခဲ့သော ဆရာ/ ဆရာမများ၊ မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ  ဆုရသူများနှင့် အတန်းလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား လည်းကောင်း ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် တိုင်းမှူးက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းအတွက် နှစ်စဉ် လှူဒါန်းထောက်ပံ့ပေးအပ်ခဲ့သော အောင်ဇေရန်အောင်တပ်ဦးကျောင်းတိုက်ဆရာတော်အား ဂုဏ် ပြုမှတ်တမ်းလွှာကို ဆက်ကပ်ခဲ့ကာ ကျောင်းသား/ကျောင်းသူလေးများက ဇာတိမာန်တေးသီချင်း သီဆိုပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ခဲ့ကြောင်းသိရသည်။