ကချင်ပြည်နယ်ဝန်ကြီးချုပ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျောင်းသား/သူများအပါ အဝင် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးနှင့် လတ်တလော နယ်မြေလုံခြုံရေးအခြေအနေအရ နေရပ်စွန့်ခွာတိမ်းရှောင်လာသော ပြည်သူများအား ကူညီထောက်ပံ့ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျောင်းသား/သူများအပါ အဝင် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးနှင့် လတ်တလော နယ်မြေလုံခြုံရေးအခြေအနေအရ နေရပ်စွန့်ခွာတိမ်းရှောင်လာသော ပြည်သူများအား ကူညီထောက်ပံ့ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

မြစ်ကြီးနား     မတ် ၂၅

          ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဝေးလံခက်ခဲ သောဒေသများအပါအဝင် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်ရောဂါကာကွယ်ဆေး လွှမ်းခြုံ ထိုးနှံမှုလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၂)ကို မတ် ၂၅ ရက် နံနက် ၁၁ နာရီ က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ် အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပေးနိုင် ရေးသည် အလေးထားလုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်တစ်ခုဖြစ်ပါကြောင်း ၊ ထို့ကြောင့် ဝေးလံ ခက်ခဲသည့် ဆော့လော်၊ ဖီမော်၊ လန်ဆယ်၊ အင်ဂျန်းယန်၊ ခေါင်လန်ဖူး၊ ရှိန်းခေါင်ဒေသများရှိ ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး လူမှုရေးအသင်းအဖွဲ့အသီးသီးနှင့် ပူးပေါင်း၍ အဖွဲ့(၇)ဖွဲ့ခွဲကာ ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ကျောင်းသား/သူများ အား ရာနှုန်းပြည့်ကာကွယ်ဆေးထိုးနှံနိုင်ရေး အကြံပြုဆွေးနွေးကြစေလိုကြောင်း မှာကြားသည်။

          ထို့နောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်မြတ်သူစိုးက ကာကွယ် ဆေးထိုးလုပ်ငန်းတွင် တပ်မတော်မှ ဝိုင်းဝန်းချိတ်ဆက်ပူးပေါင်းပါဝင်ကူညီနေမှု အခြေအနေများ နှင့် ကာကွယ်ဆေးထိုးလုပ်ငန်းအောင်မြင်ရေး အသိပညာပေးခြင်းလုပ်ငန်းကို တွဲဖက်ဆောင်ရွက် နိုင်ရေး အကြံပြုသုံးသပ်တင်ပြပြီး ကော်မတီအဖွဲ့ဝင်များနှင့် ခရိုင်ကော်မတီဥက္ကဋ္ဌများက ပြည်နယ် အတွင်း ဌာနဆိုင်ရာများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များစုဖွဲ့၍ ကာကွယ် ဆေးထိုးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ သူများအား ကာကွယ်ဆေးထိုးနှံပေးခဲ့မှုအခြေအနေများ၊ ကာကွယ်ဆေးထိုးရန်ကျန်ရှိနေမှု အခြေ အနေများနှင့် ဆက်လက်ထိုးနှံပေးသွားမည့် အစီအမံများကို တင်ပြဆွေးနွေးကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ်  ပြည်နယ်ဝန်ကြီးချုပ်က အခြေခံပညာကျောင်းများရှိ ကျောင်း သား/ကျောင်းသူများအားလုံး ကာကွယ်ဆေးရာနှုန်းပြည့်အပြည့်အဝထိုးနှံပေးနိုင်ရေး လိုအပ်သည့် အစီအမံများနှင့် ပတ်သက်၍ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ကချင်ပြည်နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း ၅၀၅ ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသားဦးရေ ၆၂၅၉၂ ဦး တက်ရောက်ပညာသင်ကြားခဲ့ကာ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီးသူဦးရေ ၅၈၇၅၁ ဦး၊ ဒုတိယအကြိမ်ထိုးနှံပြီးစီးသူဦးရေ ၅၄၆၃၀ ဦးထိရှိကြောင်းနှင့် ၃၈၄၁ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေပြီး အများစုမှာ ဝေးလံခက်ခဲ သည့် တော်ပေါ်ဒေသများ ကျောင်းသားများဖြစ်ကြောင်း အဆိုပါ အစည်းအဝေးမှ သိရှိရသည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါ မလိခခန်းမ၌ မွန်းလွဲ ၁ နာရီခွဲတွင် ပြည်နယ် အတွင်းလတ်တလောနယ်မြေလုံခြုံရေးအခြေအနေအရ နေရပ်စွန့်ခွာတိမ်းရှောင်လာသောပြည်သူ များနှင့် IDPs စခန်းနေပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ပေးနိုင်ရေး ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ NGO ၊INGO အဖွဲ့အစည်းများ၊ ဘာသာရေး အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း နေရပ်စွန့်ခွာပြည်သူ များပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး အတွက် အဓိကထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် လတ်တလော နယ်မြေ လုံခြုံရေးအခြေအနေအရ ပူတာအိုခရိုင်အတွင်းရှိ ကျေးရွာများမှ နေရပ်စွန့်ခွာတိမ်းရှောင်လာသော ပြည်သူများအား ကူညီထောက်ပံ့မှုပေးနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့၏ ညီနောင်သားချင်း၊ မိသားစုများအားပံ့ပိုးကူညီထောက်ပံ့ပေးနိုင်ရေး မိမိတို့အစိုးရအဖွဲ့ တစ်ခုတည်း သာမက အားလုံးက ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြား သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများနှင့် အစည်း အဝေးတက်ရောက်လာသူများက ပူတာအိုခရိုင်အတွင်းရှိ လုံရှာယန်ကျေးရွာ၊ ဆွတ်ပီယန်ကျေးရွာ များနှင့် မိုးမောက်မြို့နယ်အတွင်းရှိ ပြည်သူများ လတ်တလော နယ်မြေလုံခြုံရေး အခြေအနေအရ နေရပ်စွန့်ခွာ တိမ်းရှောင်လာခဲ့မှု အခြေအနေများ၊ နန်ဆန်ယန်ကျေးရွာတွင် ထပ်မံရွေ့ပြောင်းလာ သော အိမ်ထောင်စုများအတွက် ပြန်လည်ထူထောင်ပေးရေးလုပ်ငန်းစဉ်များ၊ ထို့အပြင် မြစ်ကြီးနား၊ ပူတာအိုတို့တွင် တိမ်းရှောင်နေသော ပြည်သူများ နေရပ်ပြန်လည်ပို့ဆောင်ရေးနှင့် ကူညီ ထောက်ပံ့ မှုပေးနိုင်ရေးတို့အတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သုံးသပ်အကြံပြု ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ကုမ္ပဏီ လုပ်ငန်းရှင်များက ကူညီထောက်ပံ့မှုများ ဆောင်ရွက်နိုင်ရေးအတွက် အလှူငွေများကို ထည့်ဝင် လှူဒါန်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မကြာခင်ရောက်ရှိတော့မည့်  မိုးတွင်းကာလတွင် အခက် အခဲများနှင့် ပိုမိုရင်ဆိုင်ကြရာမည်ဖြစ်သည့်အတွက် ကူညီထောက်ပံ့မှုများ အမြန်ဆုံးဆောင်ရွက် ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။