(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစား ပြိုင်ပွဲများတွင် တံခွန်စိုက်ဒိုင်းဆုရ အေရိုးဗစ်အသင်းနှင့် အောင်ပွဲရ ကချင်ပြည်နယ်ကိုယ်စားပြု အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

 (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစား ပြိုင်ပွဲများတွင် တံခွန်စိုက်ဒိုင်းဆုရ အေရိုးဗစ်အသင်းနှင့် အောင်ပွဲရ ကချင်ပြည်နယ်ကိုယ်စားပြု အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား     မတ် ၂၄

          (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများတွင် ကချင်ပြည်နယ်ကိုယ်စားပြု တံခွန်စိုက်ဒိုင်းဆုရ အေရိုးဗစ်အသင်းနှင့် အောင်ပွဲရမြန်မာ့သိုင်းအသင်းတို့မှ အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနားကို မတ် ၂၄ ရက် နံနက် ၁၁ နာရီတွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

          ဂုဏ်ပြုပွဲအခမ်းအနားတွင် အောင်ပွဲရ အားကစားသမားများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ ပြည်ထောင်စုနေ့၏ စိန်ရတုနှစ်ဖြစ်သော ၂၀၂၂ ခုနှစ်တွင် မိမိတို့ပြည်နယ် ၏အားကစားကဏ္ဍသည် ထူးခြားအောင်မြင်သည့် နှစ်ဟုဆိုနိုင်ပါကြောင်း၊ ပြည်နယ်အေရိုးဗစ် အသင်းအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အေရိုးဗစ်ပြိုင်ပွဲတွင် တံခွန်စိုက်ဆု ဆွတ်ခူးရရှိခဲ့ သလို ပြည်နယ်မြန်မာ့သိုင်းအသင်းကလည်း ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့သည့်အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ နောင်နှစ်များတွင်လည်း ယခုနှစ်ကဲ့သို့ အောင်မြင်မှု အစဉ်အလာ ကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး ပြည်နယ်၏ဂုဏ်ကို မြှင့်တင်ပေးနိုင်မည်ဟု အခိုင်အမာ ယုံကြည်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။

          ထို့နောက် ပြည်နယ်အေရိုးဗစ်အသင်း နည်းပြ၊ အုပ်ချုပ်သူနှင့် အားကစားသမားများက ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အေရိုးဗစ်ပြိုင်ပွဲတွင် ဆွတ်ခူးရရှိခဲ့သည့် တံခွန်စိုက်ဒိုင်းကို လွှဲပြောင်းပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က  လက်ခံရယူပြီး အသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် သိန်း(၂၀)ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ဆက်လက်၍ ပြည်နယ်အမျိုးသမီးအားကစားဆပ်ကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ် ၏ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အလှူရှင်များက ပြည်နယ် အေရိုးဗစ်အသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း(၇၀)ကျော်နှင့် ပြည်နယ်မြန်မာ့သိုင်းအသင်း အတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၃) သိန်းကျော်တို့ကို အသီးသီးပေးအပ်ချီးမြှင့်ကြရာ အသင်း အုပ်ချုပ်သူ၊ နည်းပြများက လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က အောင်ပွဲရ အားကစားအသင်းများအား လည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်ပြည်နယ်သယံဇာတရေးရာဝန်ကြီး တို့က ပံ့ပိုးကူညီခဲ့ကြသူများအား လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့ကြရာ အောင်ပွဲရပြည်နယ်အားကစားအသင်းများကိုယ်စား အေရိုးဗစ်ပြိုင်ပွဲတွင် တစ်ဦးချင်းရွှေတံဆိပ် ဆုရ မဇမီဆန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

          ယင်းနောက် ပြည်နယ်လက်ရွေးစင်အေရိုးဗစ်အသင်းက ပြိုင်ပွဲတွင် ရွှေ၊ ငွေဆုရရှိခဲ့သည့် တစ်ဦးချင်းနှင့် အတွဲလိုက် အေရိုးဗစ်လေ့ကျင့်ခန်းများနှင့် မြန်မာ့သိုင်းအဖွဲ့က ငွေတံဆိပ်ဆုရ အတိုက်ယှဉ်ပြိုင်မှုတို့ကို သရုပ်ပြကစားပြသခဲ့မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။