ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြေပြင်ကွင်းဆင်းကောက်ယူခဲ့သော အိမ်ထောင်စု လူဦးရေစာရင်းများအား e-ID စနစ်ဖြင့် စိစစ်တိုက်ဆိုင်ရေးသွင်းနေမှုကို ကြည့်ရှုစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြေပြင်ကွင်းဆင်းကောက်ယူခဲ့သော အိမ်ထောင်စု လူဦးရေစာရင်းများအား  e-ID စနစ်ဖြင့် စိစစ်တိုက်ဆိုင်ရေးသွင်းနေမှုကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     မတ် ၁၈

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ကြီးမှူး၍ ပြည်နယ်အတွင်းရှိ လူဦးရေနှင့် အိမ်ထောင်စုစာရင်းများကို မြေပြင်စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်းလုပ်ငန်း e-ID ရေးသွင်းဆောင်ရွက်နေသည့် အရာထမ်း၊ အမှုထမ်းများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မတ် ၁၇ ရက် ညနေ ၃ နာရီခွဲက လိုက်လံကြည့်ရှုအားပေးခဲ့သည်။

          ထို့သို့  e-ID စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ပြည်နယ် ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့နှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းနှင့် တာဝန်ရှိသူများက ပြည်နယ်အတွင်းရှိ မြို့နယ်(၁၈)မြို့နယ်မှ ရပ်ကွက်၊ ကျေးရွာ အုပ်စု၊ ကျေးရွာများအလိုက် မြေပြင်ကွင်းဆင်းကောက်ယူခဲ့သော အိမ်ထောင်စုလူဦးရေစာရင်းများ အား စိစစ်တိုက်ဆိုင်၍ e-ID စနစ်ဖြင့်  ဖြည့်စွက်/ ပြင်ဆင်ခြင်း၊ လဝက၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ စာရင်းများဖြင့် မှတ်တမ်းရယူအတည်ပြုခြင်း လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ လိုက်လံရှင်းလင်းပြသမှုကို ကြည့်ရှုအားပေးခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်နေသည့် အရာထမ်း၊ အမှုထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၇ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးသို့ သွားရောက်ပြီး ပန်းခင်းခန်းမတွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာ သင်္ကြန်ပွဲတော်တွင် ယိမ်းအကပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ယိမ်းအဖွဲ့ဝင်များ၏ အကလေ့ကျင့် နေမှုကို ကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေကျပ် ၂ သိန်းကိုလည်းကောင်း၊ အဆိုပါရုံး၌ ဆောင်ရွက် လျက်ရှိသည့် အိမ်ထောင်စုလူဦးရေစာရင်း စိစစ်တိုက်ဆိုင်ရေးသွင်းနေမှုကို လှည့်လည်ကြည့်ရှုအား ပေးခဲ့ကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၅ သိန်းကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။