ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်အားပေး၊ ပြည်နယ်အတွင်း ခရိုင်အလိုက် ဒေသထွက်ကုန်ကြမ်းများ အပေါ် One Region One Product အဖြစ် ရွေးချယ်သတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်အားပေး၊ ပြည်နယ်အတွင်း ခရိုင်အလိုက် ဒေသထွက်ကုန်ကြမ်းများ အပေါ် One Region One Product အဖြစ် ရွေးချယ်သတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

မြစ်ကြီးနား     ဇူလိုင် ၂၈

          ကချင်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြစ်ကြီးနားတက္ကသိုလ်၊    အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်း စီစဉ်ကျင်းပသည့်  လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဇူလိုင် ၂၈ ရက် နံနက် ၉ နာရီက မြစ်ကြီးနားတက္ကသိုလ် ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက် ရောက်အမှာစကားပြောကြားသည်။

          စကားဝိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ လူငယ်များသည် နည်းပညာလမ်း ကြောင်းပေါ်က အနာဂတ်မျိုးဆက်သစ်လူငယ်များဖြစ်ပြီး စူးစမ်းချင်စိတ်၊ စွန့်စားလိုစိတ်၊ တီထွင်ကြံ ဆချင်စိတ်များပြားသူများဖြစ်သဖြင့် ခေတ်နှင့်အတူ အမြင်ကျယ်သူများဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လူငယ်များအား မှန်ကန်သည့် အတွေးအခေါ်၊စိတ်ဓာတ်နှင့်စွမ်းအားများကို မြှင့်တင်ပေးရမည်ဖြစ်ပါ ကြောင်း၊ ထို့အပြင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဖြင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရန်လည်းဆောင် ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း လူငယ်များအတွက် အခြေအနေကောင်းများ၊ မိတ်ဆွေကောင်းများ၊ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးကြရန်နှင့် ယခုလို စကားဝိုင်း ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်းဖြင့် လူငယ်များ၏ ဉာဏအရင်းအမြစ်များကို ပြုစု ပျိုးထောင်ပေးခြင်းဖြစ်သကဲ့သို့ လူငယ်များအနေဖြင့်လည်း နည်းပညာကျွမ်းကျင်မှု၊ အတွေးအမြင် သစ်များဖြင့် အနာဂတ်ကိုလျှောက် လှမ်းပုံဖော်နိုင်ရေး စကားဝိုင်းတွင် ဆွေးနွေးပြောဆိုတတ်သည့် အလေ့အထများ၊ ကောင်းမွန်သည့် အတွေးအခေါ်များနှင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိ သည့် အပြန်အလှန်ဆွေးနွေးမှုများကို ပြုလုပ်ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက စကားဝိုင်းဆွေးနွေး ပွဲတွင် ပါဝင်ခြင်းဖြင့် ဉာဏ်ရည်နှင့်ပြည့်ဝသည့် အနာဂတ်လူကောင်း၊ လူမွန်များဖြစ်လာစေရန် ကြိုးစားဆောင်ရွက်ကြရေး ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးလှဌေးက စကားဝိုင်းဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြ သည်။

          ယင်းနောက် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြရာ မြစ်ကြီးနားတက္ကသိုလ် မြန်မာစာ ဌာန၊ ပါမောက္ခဌာနမှူး ဒေါက်တာစန္ဒာလွင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်တို့က ဦးဆောင်၍ ကျောင်းသား/ ကျောင်းသူများနှင့်အတူ လူငယ် နှင့် နည်းပညာ၊ လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့် ရာသီဥတုပြောင်းလဲမှု၊ လူငယ်နှင့် အနာဂတ် စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများ က သိလိုသည်များနှင့် စပ်လျဉ်း၍ မေးမြန်းမှုများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားတက္ကသိုလ်အတွက် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးက ပါမောက္ခချုပ်နှင့် စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြသည့် ပါမောက္ခဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ကျောင်းသား/ ကျောင်းသူများ အတွက် လက်ဆောင်ပစ္စည်းများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

          ထို့အပြင် ကချင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME) လုပ်ငန်း များဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဒေသအရင်းအမြစ်ထွက် ကုန်ကြမ်းများဖြင့် One Region One Product အောင်မြင်စွာ ထုတ်လုပ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ အဖွဲ့ဝင်များ၊ ဆက်စပ်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်သည်။

          လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်အေဂျင်စီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းများကို ရေရှည်ခိုင်မာပြီး ဖွံ့ဖြိုးတိုးတက်လာစေရေး အားပေး ဆောင်ရွက်လျက်ရှိသည့်အပြင် ဒေသအလိုက် One Region One Product အဖြစ် ရွေးချယ် သတ်မှတ်၍ အရည်အသွေးမြှင့်၊ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ပြည်တွင်း/ ပြည်ပဈေးကွက်ရရှိရေးအတွက် မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ခရိုင်အလိုက် ဒေသထွက် သဘာဝအရင်းအမြစ် ကုန်ကြမ်းများဖြင့် တစ်ပိုင်တစ်နိုင် ဆောင်ရွက်လျက် ရှိသည့် MSME  လုပ်ငန်းများအား One Region One Product အဖြစ် ရွေးချယ်သတ်မှတ် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးသွားရမည် ဖြစ်ကြောင်း တိုက်တွန်းမှာ ကြားသည်။

          ထို့နောက် အေဂျင်စီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ဗဟိုအေဂျင်စီ၏ အမိန့်၊ ညွှန်ကြားချက်များနှင့် One Region One Product အစီအစဉ်ထိရောက်စွာအကောင်အထည် ဖော်နိုင်ရေး ခရိုင်အလိုက် ရွေးချယ်သတ်မှတ်သွားရမည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြပြီး အေဂျင်စီအတွင်းရေးမှူး ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဝင်းနိုင်က MSME လုပ်ငန်းကော်မတီ၏ (၁/၂၀၂၃) ဆုံးဖြတ်ချက်ပါ အကောင်အထည်ဖော်ဆောင် ရွက်ရမည့် လုပ်ငန်းအစီအစဉ်များနှင့် One Region One Product အဖြစ် ထုတ်ကုန်စာရင်းပြုစု၍ Action Plan ရေးဆွဲတင်ပြရမည့်ကိစ္စရပ်များကို  ရှင်းလင်းတင်ပြသည်။

          ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်နယ်အေဂျင်စီအဖွဲ့ဝင်များ၊ ဆက်စပ်ဌာနဆိုင်ရာ များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက One Region One Product အဖြစ် သတ်မှတ်နိုင်ရေး ခရိုင်အလိုက် ထွက်ကုန်များအပေါ် ပဏာမရွေးချယ်ဆောင်ရွက်ထားသည့် မြစ်ကြီးနားခရိုင်အတွက် ရက်ကန်းနှင့် တစ်သျှူးငှက်ပျော၊ ဗန်းမော်ခရိုင်အတွက် အစေ့ထုတ်ပြောင်းနှင့် မြေထောက်ပဲ၊ မိုးညှင်း ခရိုင်အတွက် ပဲပုတ်နှင့် ဆန်ခေါက်ဆွဲ၊ ပူတာအိုခရိုင်အတွက် ရှောက်ကောနှင့် ဂရိတ်ဖု၊ တနိုင်းခရိုင် အတွက် ဆီမုန်ညှင်း၊ ချီဖွေခရိုင်အတွက်သစ်ကြားသီးနှင့် ရှောက်ကောတို့အား ကုန်ကြမ်းရရှိမှုပဏာမ၊ ကုန်ချောထုတ်လုပ်နိုင်မှု၊ ဈေးကွက်ရရှိမှုအခြေအနေများအပေါ် သုံးသပ်ဆွေးနွေးတင်ပြကြသည်။

          တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ရွေးချယ်ဆောင်ရွက်ထားသည့် ထုတ် ကုန်အမယ်များအလိုက် Action Plan ရွေးဆွဲတင်ပြနိုင်ရေးနှင့် ရေရှည်စီမံဆောင်ရွက်သွားနိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။