ကချင်ပြည်နယ်ဝန်ကြီးချုပ် မန်ခိန်ရပ်ကွက်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ပိုင် မြေဧရိယာအတွင်း နေရပ်စွန့်ခွာပြည်သူများနှင့် ဝန်ထမ်းများအတွက် မိုးမကျမီအမိုးအကာဖြင့်နေထိုင်နိုင်ရေး နေအိမ်များ ဆောက်လုပ်ပေးနေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား ဧပြီ ၁၆

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းအကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နေရပ်ကျေးရွာများအား စွန့်ခွာလာခဲ့ကြသော ပြည်သူများနှင့် ဝန်ထမ်းများအတွက် မိုးမကျမီ အမိုးအကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ နံနက် (၈) နာရီတွင် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံချုပ်) ပိုင် မြေဧရိယာ၌ နေအိမ်များဆောက်လုပ်ပေးနေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မန်ခိန်ရပ်ကွက်၊ နယ်မြေ (၁၁)၊ ကွင်းအမှတ် (၄) ရောရင်ကွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ပိုင် မြေဧရိယာ (၅၉ ဒဿမ ၅၆) အတွင်းရှိ (၃ ဒဿမ ၅၀) ဧကပေါ်၌ ချီဖွေမြို့နယ်မှ ဝန်ထမ်းများအား ယာယီနေအိမ်များဆောက်လုပ်၍ နေရာချထားပေးနိုင်ရေး မြေနေရာအားကွင်းဆင်းစစ်ဆေးခဲ့ကြပြီး နေအိမ်များအမြန်ဆုံးဆောက်လုပ်ပေးနိုင်ရေးအတွက် တွက်ချက်မှုဖြင့် တင်ပြပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ အဆိုပါမြေဧရိယာအတွင်း ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ဗန်းမော်မြို့တို့မှ နေရပ်စွန့်ခွာလာခဲ့ကြသော အိမ်ထောင်စု (၅၀) တို့အား နေရာချထားပေးနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ဝါး၊ သွပ်မိုး၊ ထရံကာ (၅)ခန်းတွဲ နေအိမ်အဆောက်အဦများ တည်ဆောက်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မိုးမကျမီ အမြန်ပြီးစီးအောင် တည်ဆောက်၍ ရွေ့ပြောင်းနေထိုင်နိုင်အောင်စီစဉ်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ညနေ(၁၇၀၀နာရီအချိန်တွင်) မြန်မာ့ရိုးရာ အစဉ်အလာ၊ မြန်မာမှု၊ မြန်မာ့ဓလေ့နှင့်အညီ သင်္ကြန်ပွဲတော်ကို အတာရေအေးပက်ဖျန်း၍ အေးချမ်းသော သင်္ကြန်ပွဲတော်အဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဌာနဆိုင်ရာများ၊ ဝန်ထမ်းမိသားစုများနှင့်အတူ မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ သင်္ကြန်ပွဲအတက်နေ့သို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ကချင်ပြည်နယ်အနေဖြင့် မတ် လ ၂၈ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် ငလျင်ဘေးသင့် ဒုက္ခရောက်ခဲ့ရသည့် ပြည်သူများကို မေတ္တာဂရုဏာထားပြီး မြန်မာ့ယဉ်ကျေးမှုနှင့်အညီ အေးချမ်းသည့်သင်္ကြန်ပွဲ၊ အေးသင်္ကြန်ပွဲတော်အဖြစ်သာ ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာနှစ်သစ်ကူးအခါသမယမှစတင်ပြီး နောင်လာမည့် ကာလတစ်လျှောက်လုံး ဘေးရန်ကင်းငြိမ်းပြီး နှစ်သစ်ကူးနှစ်သစ်ကူးအတာရေအေးသကဲ့သို့ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း၊ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝပါစေကြောင်း ဆုတောင်းမေတ္တာပို့သခြင်းနှင့်အတူ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်ကို နှုတ်ဆက်ပြီး ၁၃၈၇ ခုနှစ်၊ မင်္ဂလာနှစ်သစ်ကို လှိုက်လှဲစွာကြိုဆိုပါကြောင်းဖြင့် ဆုတောင်းမေတ္တာပို့သပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က သင်္ကြန်ပွဲတော် တက်ရောက်လာကြသည့် တိုင်းမှူးနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းမိသားစုများအား ရိုးရာအစဉ်အလာနှင့်အညီ အတာရေအေးကို အမွှေးနံ့သာရည် အောင်သပြေခက်ဖြင့် ဆုမွန်ကောင်းတောင်း၍ လိုက်လံပက်ဖျန်းပေးခဲ့ကြပြီး တက်ရောက်လာသူများအား သင်္ကြန်ရာသီစာ ကြာဆံဟင်းခါးနှင့် သာကူကျိုများကို စတုဒီသာမဏ္ဍပ်၌ တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြကာ အတာ ရေသဘင်ပွဲတော်၊ ရေကစားမဏ္ဍပ်၌ မြန်မာ့တို့၏ သနပ်ခါးအား ယူနက်စကို၏ လူသားမျိုးနွယ် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် ကြိုးပမ်းဆောင်ရွက်နေမှုကို ဂုဏ်ပြုသောအားဖြင့် တစ်ဦးကိုတစ်ဦး သနပ်ခါးလိမ်းခြယ်ပေးခြင်းတို့ကို ချစ်ခင်ရင်းနှီးစွာဆောင်ရွက်ပေးခဲ့ကြပြီး ဝန်ထမ်းမိသားစုများအား အတာရေပက်ဖျန်းပေးခြင်းကို မြန်မာမှု၊ မြန်မာ့ဟန်၊ ရိုးရာအစဉ်အလာနှင့်အညီ အေးချမ်း စွာကျင်းပပြုလုပ်ခဲ့ကြပြီး အခမ်းအနားတွင် ပါဝင်ကူညီဆင်နွှဲပေးခဲ့ကြသော ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြင့်ခဲ့ကြကြောင်း သိရသည်။