မြစ်ကြီးနား ဇွန် ၁၂
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းစားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ တိုးတက်အောင်မြင်စေရေးကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန် ၁၁ ရက် ညနေ ၃ နာရီခွဲက မြစ်ကြီးနားမြို့နယ် ပလနကျေးရွာအုပ်စု၊ ငွေပျော်စံပြကျေးရွာအနီး ဆင်အိုင်ကွင်းအတွင်း မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ဆင်အိုင်ကွင်းအတွင်း ပိုင်ရှင် ဦးသိန်းဝင်း၏ ကြက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် မြေဧရိယာ (၇ ဒဿမ ၃၀ )ဧကအတွင်း မွေးမြူရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ကွင်းအတွင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ကိုင်ခွင့် လျှောက်ထားမှုအပေါ် ခွင့်ပြုပေးခဲ့သည့်အခြေအနေများ၊ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့်အညီ တင်ပြလျှောက်ထားမှုများအပေါ် စိစစ်ဆောင်ရွက်လျက်ရှိ သည့် အခြေအနေများကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်းစားရေရိက္ခာဖူလုံရေးအတွက် ဆောင်ရွက်ရာတွင် မိမိတို့အနေဖြင့် ဒေသတွင်း သား၊ ငါးနှင့် ဥစားသုံးမှုဖူလုံစေရေးအတွက် ရေရှည်ရည်မှန်းချက်ထား၍ နိုင်ငံတော်၏ မူဝါဒနှင့်အညီ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို မွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် စိစစ်ဆောင်ရွက်ပေးနေမှု ကြက်၊ ဝက်၊ နွားများ မွေးမြူ နိုင်သည့် ဇုံငယ်တစ်ခုအဖြစ် အမှန်တကယ်လုပ်ငန်းဆောင်ရွက်လျက်ရှိသူများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီဆောင်ရွက်ပေးနိုင်ရေးနှင့် ငွေပျော်ကျေးရွာနေပြည်သူများကိုလည်း အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပိုင်ရှင် ဦးသိန်းဝင်း၏ တည်ဆောက်ပြီး ကြက်ခြံအတွင်း အသားတိုးကြက်ကောင်ရေ (၆၀၀၀)ကျော် မွေးမြူထားရှိမှုအခြေအနေများကို လည်းကောင်း၊ ကြက်ခြံအသစ်တိုးချဲ့တည်ဆောက်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ် ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ငွေပျော်စံပြကျေးရွာသို့ သွားရောက်၍ ကျေးရွာအုပ်ချုပ်ရေးမှူး၊ အဖွဲ့ဝင်များနှင့်အတူ ကျေးရွာဘောလုံးကွင်းမြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဘောလုံးကွင်း ဧရိယာတိုးချဲ့နိုင်ရေးနှင့် ရေဝပ်မှုမရှိစေရေး ရေနှုတ်မြောင်းများစနစ်တကျတူးဖော်နိုင်ရေး၊ ကျေးရွာအဝင်လမ်းမတစ်လျှောက် လမ်းဘေးဝဲ/ယာတွင် အရိပ်ရအပင်ကြီးမြန်သည့် မန်ဂျန်ရှားပျိုးပင်များ စိုက်ပျိုးနိုင်ရေးတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ဆင်အိုင်ကွင်းအတွင်း မြစ်ကြီးနားမြို့နယ်၏ စွန့် ပစ်အမှိုက်များအား စွန့်ပစ်ဖျက်ဆီးနိုင်ရေးအတွက် တိုးချဲ့ဆောင်ရွက်ထားရှိသည့် အမှိုက်ကန်မြေနေရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ အဆိုပါ အမှိုက်ကန်သွားလမ်းသည် ဒေသခံများ၏ စိုက်ပျိုးရေးကုန်ထုတ်လမ်းဖြစ်သည့်အတွက် ရေကျော်နေရာများအား စနစ်တကျဖောက်လုပ်ပေး နိုင်ရေးနှင့် ရေဝပ်နေရာများမှ ရေများအား နန်းကွေ့ချောင်းအတွင်း လွတ်လပ်စွာ စီးဆင်းနိုင်ရေး အတွက် ရေနှုတ်မြောင်းဖောက်လုပ်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။





