ကချင်ပြည်နယ်ဝန်ကြီးချုပ် ဟိုးလော်ကျေးရွာနှင့် ရဝမ်ကထောင်ကျေးရွာ ကမ်းပါးတိုက်စားမှုအခြေအနေအား အမြန်ဆုံးကာကွယ်နိုင်ရေး ကွင်းဆင်းစစ်ဆေး၊ မဒိန်ဧက ၁၀၀ စံပြစိုက်ကွင်းအတွင်း မိုးစပါးစိုက်ပျိုးမှုအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား   ဇွန် ၂၂

         ကချင်ပြည်နယ်အတွင်း မေလနှင့် ဇွန်လ ပထမပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ ကြီးမြင့်ခဲ့မှုကြောင့် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စုအတွင်းရှိ ဟိုးလော်ကျေးရွာနှင့် ရဝမ်ကထောင်ကျေးရွာတို့ရှိ မြစ်ကမ်းပါး အနည်းငယ်ထပ်မံရေတိုက်စားသွားခဲ့သဖြင့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ ညနေ (၃)နာရီက တာဝန်ရှိသူများ နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်နယ်အတွင်း မြစ်ရေကြီးမြင့်မှုကြောင့် ဟိုးလော်ကျေးရွာနှင့် ရဝမ်ကထောင်ကျေးရွာတို့တွင် ၂၀၂၄ ခုနှစ်၊ မြစ်ရေကြီးမြှင့်မှုကြောင့် ကမ်းပါးရေတိုက်စားခဲ့ပြီး လူနေအိမ် (၄)လုံးနှင့် စေတီတစ်ဆူ ပြိုကျပျက်ဆီးခဲ့သဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ကမ်းပါးရေတိုက်စားမှုမှ ကာကွယ်နိုင်ရေးအတွက် အောက်ခြေဖောင်ဒေးရှင်း ကမ်းပါးထိန်းကျောက်စီမြေထိန်းနံရံအရှည် ၃၀၀၀ ပေနှင့်  Geo Bag ချခြင်းတို့ကို တည်ဆောက်ထားခဲ့ရာ ယခုနှစ်အတွင်း မေလ လကုန်ပိုင်းနှင့် ဇွန်လ ပထမအပတ်အတွင်း မြစ်ရေကြီးမြင့်မှုကြောင့် ကမ်းပါးအနည်းငယ် ထပ်မံတိုက်စားခံရမှုအခြေအနေများကို လှည့်လည်ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောက်စီရေထိန်းတမံတည်ဆောက်နိုင်ရေး ဘဏ္ဍာငွေလျာထားပြီးဖြစ်သော်လည်း ပွင့်လင်းရာသီမှသာ လုပ်ထုံးလုပ်နည်းနှင့်အညီ တည်ဆောက်ရမည်ဖြစ်သဖြင့် ယခုနှစ်မိုးရာသီတွင် ရေထပ်မံကြီးမြင့်လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကမ်းခြေတစ်လျှောက် ဝါးဂရစ်ရေထိန်းနံရံ အမြန်ဆုံးတည်ဆောက်၍ ကာကွယ်ထားနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာအုပ်စုအတွင်းရှိ ပြည်နယ်ရန်ပုံငွေဖြင့် ထုတ်ဖော်ဆောင်ရွက်ပေးခဲ့သည့် မဒိန်ဧက ၁၀၀ စံပြစိုက်ကွင်းသို့ သွားရောက်ပြီး ကွင်းတာဝန်ခံတောင်သူများနှင့် တွေ့ဆုံကာ နယ်မြေအခြေအနေအရ မိုးစပါးကြဲပက်စိုက်ပျိုးထားရှိမှုအပေါ် လိုအပ်သည်များကို မေးမြန်းဆွေးနွေးခဲ့ကြကာ ကွင်းအတွင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့သို့ ပြန်လည်ထွက်ခွာခဲ့ကြပြီး ဗလမင်းထင်တံတားပေါ်မှ တစ်ဆင့် မြစ်ကြီးနားနှင့် ဝိုင်းမော်ဘက်ကမ်းတစ်လျှောက်အား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မြစ်ရေအနည်း ငယ်မြင့်တက်မှုအခြေအနေများနှင့် ကြိုတင်ကာကွယ်ဆောင်ရွက်ထားရမည့် အစီအမံများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။