ကချင်ပြည်နယ်အတွင်း ဝေးလံခက်ခဲသော မြို့နယ်များအပါအဝင် နယ်စပ်ဒေသများရှိ ပြည်သူများအားလုံး ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး လူမှုရေးအသင်းအဖွဲ့များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေး

 ကချင်ပြည်နယ်အတွင်း ဝေးလံခက်ခဲသော မြို့နယ်များအပါအဝင် နယ်စပ်ဒေသများရှိ ပြည်သူများအားလုံး ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး လူမှုရေးအသင်းအဖွဲ့များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေး

မြစ်ကြီးနား     မတ် ၁၃

          ကချင်ပြည်နယ်အတွင်း အင်ဂျန်းယန်မြို့နယ်အပါအဝင် ဝေးလံခက်ခဲသော ဆော့လော် မြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ နယ်စပ်တစ်လျှောက်ရှိ ဖီမော်၊ ကမ့်ဖန်၊ ပန်ဝါဒေသများရှိ ပြည်သူများ အား ကိုဗစ်-၁၉ ကာကွယ်ဆေး လွှမ်းခြုံထိုးနှံပေးနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်သည် ကျန်းမာရေးဌာနနှင့် လူမှုပရဟိတအသင်းအဖွဲ့များနှင့် မတ် ၁၃ ရက် နံနက် ၁၀ နာရီတွင် ဝန်ကြီးချုပ်အိမ်ရာဝင်း၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          ရှေးဦးစွာ ကိုဗစ်-၁၉ ကာကွယ်ဆေးလွှမ်းခြုံထိုးနှံပေးနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကိုဗစ် ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရာတွင် ကိုဗစ်ကာကွယ်ဆေး လူတိုင်း ထိုးနှံပေးနိုင်ရေးသည် အရေးကြီးသည့်ကိစ္စဖြစ်သလို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယနေ့ ပြည်နယ်အတွင်းရှိ ဝေးလံခက်ခဲသော နေရာဒေသ များသို့ မိမိတို့အစိုးရအဖွဲ့ အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြမည့် လူမှုပရဟိတအသင်း အဖွဲ့များအား ပြည်နယ်ကိုယ်စား မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ ထိုအပြင် ကာကွယ်ဆေးထိုး လုပ်ငန်းအတွက် လိုအပ်သည့် အစီအမံများနှင့် ပေါင်းစပ်ညှိနှိုင်းပေးရမည့်ကိစ္စရပ်များကိုလည်း အပြည့်အဝဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးစီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်း ပြောကြားသည်။

          ထို့နောက် မြစ်ကြီးနားခရိုင်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခေါင်လန်ဒီး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာလှိုင်လှိုင်ဌေးနှင့် တာဝန်ရှိသူများ၊ ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်း၊ ပေးဆပ်သူလူမှုပရဟိတကူညီရေးအသင်း၊ ဧရာဝတီဂရုဏာ ဖောင်ဒေးရှင်း၊ မျိုးဆက်သစ်၊ ရွှေပန်းမြိုင်လူမှုကူညီရေးအသင်းများမှ တာဝန်ရှိသူများနှင့်အတူ ဆော့လော်မြို့နယ်အတွင်း ဆော့လော်၊ ဖီမော်၊ ကမ့်ဖန်ဒေသများ၊ ခေါင်လန်ဖူးမြို့နယ်အတွင်း ခေါင်လန်ဖူး၊ ရှိန်းခေါင်ဒေသများနှင့် အင်ဂျန်းယန်မြို့နယ်အတွင်းရှိ မြို့ပြနှင့် ကျေးလက်ဒေသနေ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး စီမံဆောင်ရွက်သွားမည့် အစီ အစဉ်များ၊ ကျန်းမာရေးဌာနဝန်ထမ်းများနှင့် လူမှုပရဟိတအသင်းများ စနစ်တကျ စုဖွဲ့၍ ခရီးစဉ် ဒေသအလိုက် သွားရောက်ဆောင်ရွက်ကြမည့် အသေးစိတ်အစီအစဉ်များ၊ ကာကွယ်ဆေးသယ်ယူ နိုင်ရေးလိုအပ်သည့် အစီအမံများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကာကွယ်ဆေး အောင်မြင်စွာ ထိုးနှံပေးနိုင်ရေးအတွက် အောင်မြင်ရေးကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ခရီးစဉ်အလိုက် ဒေသခံအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ တပ်မတော်၊ ဒေသပြည်သူ့စစ်အဖွဲ့များနှင့် ပေါင်းစပ်ပြီး အုပ်ချုပ်/ ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များကို ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေး ခဲ့သည်။