ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ပြုလုပ်ကျင်းပသည့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ နှင့် စာရင်းအင်း ဥပဒေနှင့် နည်းဥပဒေများ အသိပညာပေးမြှင့်တင်ရေး ဆွေးနွေးပွဲများသို့ တက်ရောက်အမှာစကားပြောကြား

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ပြုလုပ်ကျင်းပသည့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ နှင့် စာရင်းအင်း ဥပဒေနှင့် နည်းဥပဒေများ အသိပညာပေးမြှင့်တင်ရေး ဆွေးနွေးပွဲများသို့ တက်ရောက်အမှာစကားပြောကြား

မြစ်ကြီးနား     မတ် ၁၄

          ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်း အနားနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ကြီးမှူးကျင်းပသော စာရင်းအင်း ဥပဒေနှင့် နည်းဥပဒေများ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲကို မတ်လ ၁၄ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် အမှာစကားများပြောကြားသည်။

          ရှေးဦးစွာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုး ရေးလုပ်ငန်းအပြင် စိုက်ပျိုးသီးနှံများကို တိုးတက်ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ အထူးသဖြင့် ဒေသခံ တောင်သူများ စိုက်ပျိုးထုတ်လုပ်လိုက်သည့် သီးနှံများကို အရည်အသွေးကောင်းမွန်စွာဖြင့် ဈေးကွက်သို့ ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များ သာမက သီးနှံစိုက်ပျိုး ထုတ်လုပ်သည့် တောင်သူများကိုယ်တိုင် ထုတ်လုပ်လာနိုင်ရေး အရင်းအနှီးတတ်နိုင်သူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကို ပံ့ပိုးကူညီဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ အစိုးရနှင့် ပြည်သူ ပူးပေါင်းပြီး Public Private Partnership လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်သကဲ့သို့ ပြည်နယ်၏ လယ်ယာကဏ္ဍအပေါ် မှီခိုနေသည့် ပြည်သူအများစု၏ လူနေမှုဘဝကို မြှင့်တင်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ပြည်နယ်ဦးစီးမှူးဦးဌေးလွင်က ရိတ်သိမ်းချိန်လွန် နည်းပညာဆိုင်ရာသုသေသနလုပ်ငန်းနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာသည့်အလျောက် တောင်သူများ ဝင်ငွေတိုးတက်မြင့်မားလာစေရေး ရည်ရွယ်၍ မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်ခရိုင် များမှ သင်တန်းသား/သူ (၃၀)ဦးတို့အား သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းကို ရှင်းလင်း တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးများ၊ ဌာန ဆိုင်ရာများနှင့်အတူ စိုက်ပျိုးသီးနှံထုတ်ကုန်များ ကုန်ချောပြုလုပ်၍ ဈေးကွက်တင်ပို့ရောင်းချပေး လျက်ရှိသော ထုတ်ကုန်ပစ္စည်းများပြသထားရှိမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ကြီးမှူးကျင်းပသော ဌာနဆိုင်ရာအဖွဲ့အစည်းများ အား စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲသို့ တက်ရောက် ပြီး ပြည်နယ်ဝန်ကြီးချုပ်က စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများကို ပိုမိုအသက်ဝင်လာစေပြီး အမျိုးသားစာရင်းအင်းစနစ်တွင် ပါဝင်သည့် သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ အကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်လာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ၏ အမျိုးသားစာရင်းအင်းစနစ် ခိုင်မာအားကောင်းလာစေ ရန် လိုအပ်ပါကြောင်း၊ သို့မှသာ နိုင်ငံအတွက် လိုအပ်သည့်မူဝါဒများနှင့် စီမံကိန်းများရေးဆွဲရာတွင် လည်းကောင်း၊ သယံဇာတများ ခွဲဝေအသုံးပြုရာတွင် လည်းကောင်း၊ သုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် လည်းကောင်း ထိရောက်စွာ အထောက်အကူပြုနိုင်မည်ဖြစ်ပါ ကြောင်း၊ သို့မှသာ နိုင်ငံ၏ စာရင်းအင်းကဏ္ဍဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အတွက် ဌာနဆိုင်ရာ များအနေဖြင့် ဗဟိုစာရင်းအင်းအဖွဲ့က တောင်းခံလာသည့် စာရင်းအင်းအချက်အလက်များကို ပံ့ပိုး ပေးကြရန်နှင့် ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ကချင်ပြည်နယ်စာရင်းအင်းအချက် အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးကော်မတီကို ဖွဲ့စည်းထားပြီး ဌာနဆိုင်ရာများ အနေဖြင့် ပြည်နယ်၏ စာရင်းအင်းအချက်အလက်များ မှန်ကန်စေရေးအတွက် စာရင်းအင်းဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာပြီး စာရင်းအင်းဆိုင်ရာဖွံ့ဖြိုးမှု အမျိုးသားအဆင့် မဟာဗျူဟာကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးလာစေရန် ပူးပေါင်းဆောင်ရွက်ကြရေး ပြောကြားသည်။

ယင်းနောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကျော်ဆန်းဦးက စာရင်းအင်းဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက သိရှိလိုသည်များနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးမှုအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရသည်။