မြစ်ကြီးနားမြို့တွင် ‌ဆောင်းရာသီအပန်းဖြေ ဧရာဝတီမြစ်အတွင်း အပျော်စီးရေပေါ်စက်ဘီးစီးနိုင်ပြီဖြစ်

 မြစ်ကြီးနားမြို့တွင် ‌ဆောင်းရာသီအပန်းဖြေ ဧရာဝတီမြစ်အတွင်း အပျော်စီးရေပေါ်စက်ဘီးစီးနိုင်ပြီဖြစ်

မြစ်ကြီးနား     ဒီဇင်ဘာ ၂၀

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဆောင်းရာသီအပန်းဖြေ ဧရာဝတီမြစ်အတွင်း၌ အပျော်စီးရေပေါ်စက်ဘီး စီးခြင်းကို ဒီဇင်ဘာ ၁၇ ရက်နေ့မှစ၍ စည်ပင်သာယာဆိပ်အနီး ဧရာဝတီ မြစ်ကမ်းမှ စတင်၍ ရေလယ်ကျွန်းထိ တစ်ပျော်တစ်ပါး စီးနိုင်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။

          အဆိုပါ ရေပေါ်စက်ဘီးကို ၂၀၂၀ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဒေသခံအများအပြားစိတ်ဝင် စားကာ အပျော်စီးရေပေါ်စက်ဘီး လာရောက်စီးသူများပြားခဲ့သဖြင့် ၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ ကပ် ရောဂါကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ကာ ယခုနှစ်မှ ပြန်လည်ဖွင့်လှစ်နိုင်ကြောင်းနှင့် ရေပေါ်စက်ဘီးကို ပွင့်လင်းရာသီဖြစ်သည့် ဒီဇင်ဘာလအတွင်းသာ စီးနှင်းနိုင်မည်ဖြစ်ပြီး မနက် ၉ နာရီမှ ညနေ ၄ နာရီ အထိသာ ငှားရမ်းဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း  Dolphin Hydro Bike (floating bicycle) ပိုင်ရှင် ဦးဆိုင်းခွန်က ရှင်းလင်းပြောပြသည်။

          အပျော်စီး ရေပေါ်စက်ဘီးစီးနှင်းသူများ အန္တရာယ်ကင်းရှင်းရေးအတွက် မဖြစ်မနေ အသက် ကယ်အင်္ကျီကို ဝတ်ဆင်စီးနှင်းရမည်ဖြစ်ပြီး ရေလယ်တွင် တစ်စုံတစ်ရာဖြစ်ပေါ်ပါက အသက်ကယ် အင်္ကျီတွင် တပ်ဆင်ထားသည့် ခရာကိုမှုတ်၍ အချက်ပေးနိုင်ပြီး အသင့်စောင့်ဆိုင်းနေသော စက်လှေ များဖြင့်သွားရောက်ကူညီကယ်ဆယ်ပေးနိုင်ရေးနှင့် စောင့်ကြည့်သည့် အစီအစဉ်များကိုလည်း  စီစဉ် ဆောင်ရွက်ထားကြောင်းကိုလည်း သိရှိရသည်။

          Dolphin Hydro Bike (floating bicycle) အနေဖြင့် အပျော်စီးရေပေါ်စက်ဘီး (၃၀)စီး ထားရှိပြီး ငှားရမ်းဆောင်ရွက်သွားမည်ဖြစ်ကာ တစ်ယောက်စီး စက်ဘီးအတွက် မိနစ် ၃၀ လျှင် ငွေကျပ် ၃၀၀၀ နှုန်း၊ နှစ်ယောက်စီးစက်ဘီးအတွက် မိနစ် ၃၀ လျှင် ငွေကျပ် ၅၀၀၀ ကျသင့် မည်ဖြစ်ကြောင်း သိရှိရသည်။