မြန်မာပြည်မြောက်ဖျား ပန်နန်းဒင်မြို့၊ ထလာထုကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးနှင့် မြစ်ကြီးနားမြို့တွင်း ကုန်တင်ယာဉ်ကြီးများ ဝင်ရောက်ဖြတ်သန်း သွားလာမှုမရှိစေရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

 မြန်မာပြည်မြောက်ဖျား ပန်နန်းဒင်မြို့၊ ထလာထုကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးနှင့် မြစ်ကြီးနားမြို့တွင်း ကုန်တင်ယာဉ်ကြီးများ ဝင်ရောက်ဖြတ်သန်း သွားလာမှုမရှိစေရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     မတ် ၁၇

          မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်အတွင်းရှိ ပန်နန်းဒင်မြို့ တဆူထုကျေးရွာအုပ်စု၊ ထလာထုကျေးရွာတွင် မတ် ၈ ရက်နေ့ ညပိုင်းတွင် ရွာလုံး ကျွတ်နီးပါး မီးလောင်မှုဖြစ်စဉ် ကြောင့် ထလာထုကျေးရွာနေ မီးဘေးသင့်ပြည်သူများအား ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက် မတ် ၁၇ ရက် နံနက် ၉ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          အဆိုပါ ထလာထုကျေးရွာ မီးဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ထလာထုကျေးရွာသည် ပန်နန်းဒင်မြို့မှ ၄၉ မိုင်ခန့် ဝေးကွာပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲ့သည့် ကျေးရွာတစ်ခုဖြစ်သည့်အတွက် မီးဘေးသင့် ပြည်သူများ၏ နေအိမ်များ ပြန်လည်တည်ဆောက်ပေးနိုင်ရေး၊ စားနပ်ရိက္ခာလုံလောက်မှုရှိစေရေး၊ ပြန်လည်ထူထောင်ပေးရေးအတွက် စနစ်တကျ စီမံဆောင်ရွက်နိုင်ရေးကို ဝိုင်းဝန်းအကြံပြုဆွေး နွေးကြစေလိုကြောင်း၊ ထို့အပြင် နွေရာသီကျရောက်ပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး ဌာနဆိုင်ရာအလိုက် ကြိုတင်စီမံချက်များ ရေးဆွဲဆောင်ရွက်ထားကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် မီးဘေးသင့်ခဲ့သည့် ထလာထုကျေးရွာသည် မြန်မာပြည်မြောက်ဖျား ပန်နန်းဒင် မြို့၏ အထက် ၄၉ မိုင်ခန့်ကွာဝေးသည့်အပြင် ပန်နန်းဒင်မြို့မှ ခြေလျင် (၄)ညအိပ်ခရီးသွားရသည့် ကျေးရွာတစ်ခုဖြစ်ကြောင်း၊ မီးလောင်မှုဖြစ်စဉ်ကြောင့် ဘုရားကျောင်း (၁)ကျောင်း၊ ဓမ္မဆရာ နေအိမ်(၁)လုံးနှင့် ကျောင်းဆရာ/ ဆရာမနေအိမ် (၁)လုံးအပါအဝင် ဒေသပြည်သူများ၏ နေအိမ် (၁၄)လုံး မီးလောင်ခဲ့သဖြင့် ကျေးရွာအတွင်း ကျန်ရှိနေသည့် နေအိမ် (၃)လုံးနှင့် စာသင်ကျောင်း တို့တွင် ယာယီနေထိုင်လျက်ရှိရာ မီးဘေးသင့်ပြည်သူများအား မြို့အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ များ၊ လူမှုရေးအသင်းအဖွဲ့များက သွားရောက်ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့် ထပ်မံ၍ စားနပ်ရိက္ခာလုံလောက်မှုရှိစေရေး၊ နေအိမ်များ ပြန်လည်တည် ဆောက်ပေးနိုင်ရေးစသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီး များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က သုံးသပ်အကြံပြု ညှိနှိုင်း ဆွေးနွေးသည်။

ဆွေးနွေးညှိနှိုင်းမှုများအပေါ်  ပြည်နယ်ဝန်ကြီးချုပ်က သွားလာရန်ဝေးလံခက်ခဲသော ဒေသ ဖြစ်သော်လည်း မီးဘေးသင့် ပြည်သူများအား မဖြစ်မနေ သွားရောက်ထောက်ပံ့ကူညီမှုပေးနိုင်ရေး အတွက် ပူတာအိုနှင့် နောင်မွန်းမြို့နယ်များရှိ ဒေသခံလူမှုရေးအသင်းအဖွဲ့များ ချိတ်ဆက်ပူးပေါင်း ၍ ကူညီထောက်ပံ့မှုများ အမြန်ဆုံး ဆောင်ရွက်သွားနိုင်ရေး စီမံဆောင်ရွက်သွားရန် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ယင်းခန်းမ၌ မြစ်ကြီးနားမြို့တွင်း (၁၂)ဘီးကုန်တင်ယာဉ်များနှင့် တွဲကားကြီး များ ဝင်ရောက်ဖြတ်သန်းသွားလာမှုမရှိစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဝန်ကြီး များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပ ခဲ့သည်။

          အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြစ်ကြီးနားမြို့သည် ပြည်နယ် ၏ မြို့တော်ဖြစ်သည်နှင့်အညီ သန့်ရှင်းသာယာလှပပြီး ဖွံ့ဖြိုးတိုးတက်လာသော မြို့တစ်ခုဖြစ်လာ သဖြင့် မြို့တွင်း ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ အများပြည်သူ စိတ်အနှောင့်အယှက် မရှိစေရေး၊ တန်ပိုယာဉ်များဖြစ်သည့် (၁၂)ဘီးကုန်တင်ယာဉ်များနှင့် တွဲကားကြီးများ ဖြတ်သန်းသွားလာမှု မရှိစေရေးအတွက် တည်ဆဲဥပဒေများနှင့်အညီ အသိပညာပေးခြင်း၊ အရေးယူဆောင်ရွက်ခြင်း တို့ကို စီမံ‌ဆောင်ရွက်သွားနိုင်ရေး၊ စည်းကမ်းတကျ ဖြစ်စေရေးအတွက် ရေရှည်ကြိုတင်မျှော်တွေး  စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက တန်ပိုကားကြီးများ မြို့တွင်း ဝင်ရောက်ဖြတ်သန်းသွားလာမှု အခြေအနေများအပေါ် တည်ဆဲ ဥပဒေများအရ အရေးယူဆောင်ရွက်နိုင်သည့် အခြေအနေများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ ယာဉ် လိုင်းများနှင့် ညှိနှိုင်း၍ အသိပေးနှိုးဆော်တိုက်တွန်းသွားရမည့် အစီအစဉ်များ၊  ကုန်တင်ယာဉ် ရပ်နားစခန်းနှင့် ကုန်တင်/ကုန်ချကွင်း လုံလောက်သည့် မြေနေရာလျာထားသတ်မှတ်ပေးနိုင်ရေး၊ မြစ်ကြီးနားမြို့တွင်းသို့ ဝင်ရောက်ရမည့် ယာဉ်ဝင်ရောက်ရမည့် လမ်းကြောင်းနှင့် အချိန်ကာလ သတ်မှတ်ပေးရေးတို့ကို ညှိနှိုင်းဆွေးနွေးတင်ပြကြသည်။

          တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကုန်တင်ကားကြီးများသည် မြို့ပြဖွံ့ဖြိုးတိုး တက်ရေး ကုန်စည်စီးဆင်းမှုလုပ်ငန်းစဉ်များကို အဓိကထားဆောင်ရွက်နေကြသည့်အတွက် ကုန် သည်လုပ်ငန်းရှင်များ၊ မော်တော်ယာဉ်အသင်းများနှင့် ညှိနှိုင်းဆွေးနွေးပြီး ရေတိုကာလအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရေး၊ စီတာပူရပ်ကွက်ရှိ ကုန်တင်ကုန်ချကွင်းတွင် စည်းကမ်းတကျ ရပ်နားနိုင်ရေးနှင့် ရေရှည်အတွက် ကုန်တင်ကားကြီးများ ရပ်နားစခန်းအကောင် အထည်ဖော်ပေးခြင်းလုပ်ငန်းများကို စနစ်တကျ စီမံချက်ရေးဆွဲ၍ ဆောင်ရွက်သွားနိုင်ရေး ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။