ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ရဟန်း/သံဃာများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ် တို့အား ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲကျင်းပ

 ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ရဟန်း/သံဃာများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ် တို့အား ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲကျင်းပ

မြစ်ကြီးနား     မတ် ၁၆

          သာသနာနှစ် ၂၅၉၅ ၊ ကောဇာသက္ကရာဇ် ၁၃၈၃ ခုနှစ် တပေါင်းလပြည့်နေ့တွင် ကချင် ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို မတ် ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲက မြစ်ကြီးနားမြို့၊ မင်းရပ် ရပ်ကွက်ရှိ သာသနာ့ဗိမ္မာန်တော်၌ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပြည်နယ်သာသနာရေးမှူး ဦးယဉ်မောင်ထွေးက အခမ်းအနားဖွင့် စာတမ်းကို ဖတ်ကြားပြီး ကချင်ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မိုးကောင်းမြို့ မဟာတိလောကာရာမ ကျောင်းတိုက် ပဓါနဆရာတော် ဘဒ္ဒန္တအာစိဏ္ဏထံမှ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။

          ထို့နောက် မဟာသဒ္ဒမ္မဇောတိကဓဇဘွဲ့တံဆပ်တော်ရ မဟာဂန္ဓာရုံကျောင်းတိုက်မှ နိုင်ငံ တော်ဗဟိုသံဃဝန်ဆောင်ဆရာတော်(ရွှေကျင်) ဘဒ္ဒန္တဟိတေသိတက သမ္မောဒနီယသြဝါဒကထာ ကိုမြွက်ကြားချီးမြှင့်တော်မူပြီး၊ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာ ဝန်ကြီး ဦးဝင်းရဲထွန်းက သာသနာတော်ဆိုင်ရာများ လျှောက်ထားသည်။

          ယင်းနောက် ဘွဲ့တံဆိပ်တော်များကိုဆက်ကပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများက ကချင်ပြည်နယ်အတွင်းမှ ဘွဲ့တံဆိပ်တော်ရ ရဟန်း/သံဃာ တော်(၆)ပါးတို့အားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးနှင့် ပြည်နယ်ဝန်ကြီးများ၏ဇနီးများ ကဘွဲ့တံဆိပ်တော်ရသီလရှင်ဆရာကြီး (၃)ပါးတို့အား လည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်း ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုမြို့၊ လုံးစွတ်ရပ်ကွက်နေသူ ဦးအောင်အောင်အား ဘွဲ့တံဆိပ်တော် ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရ အဖွဲ့မှ သာသနာ့ဗိမ္မာတော်ဘက်စုံ ပြုပြင်မွမ်းမံနိုင်ရေးအတွက် အလှူငွေကျပ်သိန်း ၁၀၀ ကို ပေးအပ်လှူဒါန်းခဲ့ပြီး အနုမောဒနာတရားနာကြား၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှ ပေးဝေကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။