ကချင်ပြည်နယ်ဝန်ကြီးချုပ် ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ ရောစပ်ကြဲပက်ခြင်း ‌တောင်သူ အသိပညာပေးကွင်းသရုပ်ပြပွဲနှင့် ရာဘာမိုးကာအုပ်အစေးခြစ်ခြင်း ကွင်းသရုပ်ပြပွဲများသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ ရောစပ်ကြဲပက်ခြင်း ‌တောင်သူ အသိပညာပေးကွင်းသရုပ်ပြပွဲနှင့် ရာဘာမိုးကာအုပ်အစေးခြစ်ခြင်း ကွင်းသရုပ်ပြပွဲများသို့ တက်ရောက်

မြစ်ကြီးနား     သြဂုတ် ၁၄

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ဗလမင်းထင် ဧက ၁၀၀ တင်း ၁၀၀ စံပြစိုက်ကွက်အတွင်း ဆင်းဧကရီ-၃ အထွက်တိုး မျိုးစပါးများ စိုက်ပျိုးပြီးစီးပြီဖြစ်ရာ စပါးပင်များ ရှင်သန်ဖြစ်ထွန်းစေရေးနှင့် ပန်းတိုင်အထွက်နှုန်းတိုးပွားရေးအတွက် သြဂုတ် ၁၄ ရက် နံနက် ၈ နာရီ က ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာရောစပ်ကြဲပက်ခြင်း တောင်သူအသိပညာပေးကွင်းသရုပ် ပြပွဲကို ကျင်းပပြုလုပ်သည်။

          အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီး ဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်က ဓာတ်မြေသြဇာ အမျိုးအစားများနှင့် အသုံးပြုရမည့် နည်းလမ်း များ၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ အချိုးကျရောစပ်ကြဲပက်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုး ကျေးဇူးများကို ရှင်းလင်းတင်ပြမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများအတွက် ယူရီယားဓာတ်မြေသြဇာ အိတ်များကို ထောက်ပံ့ပေးအပ်သည်။

          ထို့နောက် တောင်သူများ၏ ဧက ၁၀၀ တင်း ၁၀၀ စံပြစိုက်ကွက်အတွင်း သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ ရောစပ်ကြဲပက်နေမှုကို စိုက်ခင်းအတွင်းမှ ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က တောင်သူများအား ပန်းတိုင်အထွက်နှုန်းတိုးရေး၊ လယ်မြေများ အခြားနည်းအသုံးချမှု မရှိစေရေး၊ ကွင်းပြည့်စိုက်ပျိုးနိုင်ရေးနှင့် မိုးစပါးရိတ်သိမ်းအပြီး ဆောင်းသီးထပ်သီးနှံစိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေအပါအဝင် သွင်းအားစုများ ပံ့ပိုးကူညီပေးသွားနိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေ များကို ရှင်းလင်းပြောကြားခဲ့သည်။

          ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲ ၁ နာရီတွင် မြစ်ကြီးနားမြို့ နောင်နန်းအုပ်စု၊ ပလနကျေးရွာအတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်သီးနှံဌာနခွဲ၊ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(နောင်နန်း)၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အတွင်းရှိ ရာဘာစိုက်တောင်သူ များအတွက် ရော်ဘာမိုးကာအုပ်စေးခြစ်ခြင်းသင်တန်း၊ အသိပညာပေးကွင်းသရုပ်ပြပွဲနှင့် မိုးရေကာ ဒြပ်ပေါင်းနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

          အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ရော်ဘာသည် ပြည်တွင်းစက်မှုလုပ်ငန်းများ အတွက်သာမက ပြည်ပပို့ကုန်များအတွက်လည်း အရေးပါသော စက်မှုကုန်ကြမ်းသီးနှံဖြစ်ပါကြောင်း၊ ရော်ဘာအစေးခြစ်ခြံအများစုတွင် မိုးများသော ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် ရပ်နားပိတ်ထားရခြင်း ကြောင့် အ‌စေးခြစ်ယူနိုင်သောရက် သိသာစွာလျော့နည်း ခြင်းသည် အထွက်နှုန်းလျော့နည်းနေခြင်း၏ အဓိကအကြောင်းအရင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အစေးခြစ်ရက်များပိုမိုရရှိစေရန် မိုးကာအုပ် အစေးခြစ်စနစ်ကို လိုက်နာဆောင်ရွက်နိုင်ပါက တစ်ဧကရော်ဘာအထွက်နှုန်း ပိုမိုတိုးတက်စေရေးနှင့် အရည်အသွေးကောင်းသော ကုန်ကြမ်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ပုဂ္ဂလိကခြံရှင်များအနေဖြင့် ယခုကဲ့သို့ ခေတ်မီနည်းပညာရပ်များကို အလေးထားလိုက်နာဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်း မှာကြားသည်။

          ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့်က ရော်ဘာ မိုးကာအုပ်အ‌စေးခြစ်ခြင်း သင်တန်းနှင့် ကွင်းသရုပ်ပြပွဲ ဆောင်ရွက်မှုများကို လည်းကောင်း၊ နှစ်ရှည် သီးနှံဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်သူက မိုးကာအုပ်အစေးခြင်းခြင်း စနစ်နှင့် စပ် လျဉ်း၍ တောင်သူများ သိသင့်သိထိုက်သည်များနှင့် လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များကို အသီး သီးရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်ချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ပြည်နယ်အတွင်းရှိ ခရိုင်များအလိုက် ရော်ဘာစိုက်တောင်သူများအတွက် မိုးရေကာဒြပ်ပေါင်းနှင့် ဆက်စပ်ပစ္စည်းများကို စမ်းသပ်လုပ်ကိုင်နိုင်ရန် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရော်ဘာစိုက်တောင်သူများနှင့်အတူ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ ခြံအတွင်းရှိ ရော်ဘာပင်များတွင် မိုးရာသီကာလအတွင်း အစေးမခြစ်မီ(သို့မဟုတ်) အစေးခံထားဆဲ မိုးရွာပါက အပင်အထက်ပိုင်းမှ စိမ့်ကျလာသည့် မိုးရေကို အဓိကထားတားဆီးရန်အ‌‌စေးခြစ်လမ်းကြောင်းနှင့်အစေးခံခွက်များအပေါ် ရေစိမ့်မဝင်ရန် မိုးကာအုပ် အစေးခြစ်ခြင်းစနစ်ကို လက်တွေ့သရုပ်ပြသမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ခရိုင်၊ မြို့နယ်များအလိုက် ရော်ဘာအ‌စေးခြစ်ခြင်း နည်းပညာသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေး တောင်သူများနှင့် ဌာနဆိုင်ရာများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်‌ပေးခဲ့သည်။

          ကချင်ပြည်နယ်အတွင်း ရော်ဘာစိုက်ပျိုးမှုအနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ် ရော်ဘာစိုက်ဧရိယာ (၈၂၄၇၀)ဧကတွင် အစေးလှီးဧရိယာ (၁၁၇၇၆)ဧကရှိသဖြင့် အထွက်နှုန်း (၅၂၅.၆၁)ပေါင်၊ အထွက် ပေါင် (၆၁၈၉၆၂၄)ရှိကြောင်းနှင့် ယခုသင်တန်းပြီးစီးပါက တောင်သူများ  မိုးရာသီတွင်အစေးခြစ်ခြင်း လုပ်ငန်း ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် အထွက်ပေါင် တိုးလာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။