ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မြို့သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာအဖွဲ့အစည်းများ နှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊ မြစ်ကြီးနားတက္ကသိုလ် နှစ်(၆၀)ပြည့်နှစ် တတိယအကြိမ် အာစရိယပူဇော်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ကျောင်းသားဟောင်းများနှင့် ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မြို့သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာအဖွဲ့အစည်းများ နှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊ မြစ်ကြီးနားတက္ကသိုလ် နှစ်(၆၀)ပြည့်နှစ် တတိယအကြိမ် အာစရိယပူဇော်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ကျောင်းသားဟောင်းများနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     သြဂုတ် ၁၂

          ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ပြည်နယ်အတွင်းရှိ မြို့/ ရွာများ သန့်ရှင်းသာယာ လှပရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၂ ရက် နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းနှင့် မနောကွင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်အစိုးရအဖွဲရုံးဝင်း၌ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများက ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း/ အမှုထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့်အတူ ရုံးပင်မဆောင်ပတ်ဝန်းကျင်နှင့် ရုံးဝင်းအတွင်း သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်း ခြင်း၊ အမှိုက်များကောက်ယူခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ဝန်ထမ်းများအား နံနက်စာအဖြစ် ကောက်ညှင်းပေါင်းနှင့် လက်ဘက်ရည်ဘူးများ ဖြန့်ဝေကျွေးမွေးခဲ့ကြသည်။

          ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းအတွင်း မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ  မနောကွင်းအတွင်း သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူခြင်းတို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကချင်တိုင်းရင်း သားများအတွက်သာမက ပြည်နယ်အတွင်းနေထိုင်သည့် တိုင်းရင်းသားများအားလုံးအတွက် အရေးပါ သည့် မနောကွင်းအား သန့်ရှင်းသာယာလှပစေပြီး မြေယာရှုခင်းများပြုပြင်ခြင်း၊ အလှပန်းပင်များဖြင့် အများပြည်သူ စိတ်လက်ပေါ့ပါးစွာ အနားယူအပန်းဖြေနိုင်သည့် နေရာတစ်ခုဖြစ်လာစေရေး ကြိုးစား ဆောင်ရွက်ကြရေး မှာကြားခဲ့သည်။

          ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲ ၁ နာရီတွင် မြစ်ကြီးနားတက္ကသိုလ် အစည်းအဝေး ခန်းမ၌ မြစ်ကြီးနားတက္ကသိုလ် နှစ်(၆၀)ပြည့်နှစ် တတိယအကြိမ် ကျောင်းသား/ ကျောင်းသူဟောင်း များ၏ အာစရိယပူဇော်ပွဲ ကျင်းပပြုလုပ်နိုင်ရေး တက္ကသိုလ်ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ကျောင်းသား/ကျောင်းသူဟောင်းများပါဝင်သည့် အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မြတ်ဆရာကြီးများ၏ ဂုဏ်ကျေးဇူးကို အလေးအမြတ်ထား အောက်မေ့သတိရ ဂါဝရပြုကန်တော့ကြခြင်း၊ အာစရိယပူဇော်ပွဲကို ပြုလုပ်ခြင်းအားဖြင့် ဆရာ/ ဆရာမကြီးများနှင့် အမိတက္ကသိုလ်တွင် ပညာသင်ကြားပြီး ဝေးကွာခဲ့ကြသော ကျောင်းသား/ ကျောင်း သူများ ပြန်လည်ရင်းနှီးနွေးထွေးစွာဆုံတွေ့စေပြီး ဂါဝရပြုခြင်းသည် မွန်မြတ်လှသည့် အလေ့အထ ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့အနေဖြင့် ဦးဆောင်ကော်မတီနှင့် ဆပ်ကော်မတီများကို ဖွဲ့စည်းထား ပြီး ယခုနှစ် ၆၀ ပြည့်နှစ် တတိယအကြိမ် အာစရိယပူဇော်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေး စည်း စည်းလုံးလုံးဖြင့် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းနှင့် ဆပ်ကော်မတီ အသီးသီးမှ တာဝန်ရှိသူများက ရန်ပုံငွေရရှိရေး ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များ၊ ဆရာ/ ဆရာမကြီးများနှင့် အဝေးရောက်ကျောင်းသား/ ကျောင်းသူဟောင်းများအားလုံး ပူးပေါင်းပါဝင်နိုင်ရေး ဖိတ်ကြားဆောင်ရွက်သွားမည့် အစီအစဉ်များ၊ လုပ်ငန်းကဏ္ဍအလိုက် ကြိုတင်ဆောင်ရွက်ထားရ မည့် အစီအမံများ၊ တက်ရောက်နိုင်ခြင်းမရှိသည့် ဆရာကြီး/ ဆရာမကြီးများအား နေအိမ်အရောက် သွားရောက်ကန်တော့နိုင်ရေး၊ အသက်(၆၀)ပြည့်ရောက်ပြီး အခြေအနေအရပ်ရပ်ကြောင့် အနားယူခဲ့ သည့် ဆရာကြီး/ ဆရာမကြီးများပါ ပူဇော်ကန်တော့နိုင်ရေး နှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် အသီးသီး ဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က အာစရိယပူဇော်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လိုအပ်သည်များကို ကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က ပြည်နယ်အစိုးရအဖွဲ့ဝင်များမှ အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးအတွက် စုပေါင်းလှူဒါန်းသည့် အလှူ ငွေကျပ်သိန်း ၇၀ ကို ဘဏ္ဍာငွေရှာဖွေရေးကော်မတီထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။