ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ မြစ်ကြီးနားမြို့ ရှေးဟောင်းသမိုင်းဝင်လောကမာရ်အောင် စေတီတော်မြတ်ကြီးအတွင်း ကဆုန်လပြည့်(ဗုဒ္ဓနေ့)နှင့်ကဆုန်ညောင်ရေသွန်း လောင်းပူဇော်ပွဲအခမ်းအနားကျင်းပပြုလုပ်

မြစ်ကြီးနား   မေ ၁၁

         မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ သာသနာနှစ် ၂၅၆၉ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယ တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသမိုင်းဝင် လောကမာရ်အောင်စေတီတော်မြတ်ကြီး၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခမ်းအနားနှင့် မဟာဗောဓိညောင်ပင်တော်ကြီးအား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနားကို မေ ၁၁ ရက် နံနက် ၈ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ကဆုန်လပြည့် (ဗုဒ္ဓနေ့)အခမ်းအနားကို စေတီတော်ပုရဝုဏ်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ကြပြီး အောင်နန်းမဟာစည် သာသနာရိပ်သာကျောင်းတိုက်ဆရာတော် အဂ္ဂမဟာကမ္မဌာနစရိယ ဘဒ္ဒန္တအာဒိစ္စဝံသအမှူးပြုသော ဆရာတော်ရှင်သူမြတ်များထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြကာ ပြည်နယ်သံဃာနာယက အကျိုးဆောင်၊ ဝန်းသိုကျောင်းတိုက်ဆရာတော်ထံမှ ဗုဒ္ဓနေ့နှင့် ကဆုန်ညောင်ရေသွန်းပွဲနှင့်စပ်လျဉ်း ၍ သြဝါဒအနုမောဒနာတရားတော်များ နာယူခဲ့ကြသည်။

          ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက သာသနာရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ လျှောက်ထားတင်ပြပြီး ဝတ်အသင်းအဖွဲ့များက ကဆုန်လပြည့်ဗုဒ္ဓနေ့ ရှစ်လုံးဘွဲ့ကဗျာကို ညီညာစွာရွတ်ဖတ်ပူဇော်ကြကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ တာဝန်ရှိသူများက ဆရာတော်/ သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

          ထို့နောက် စေတီတော်ပုရဝုဏ်အတွင်းရှိ မဟာဗောဓိညောင်ပင်၌ ညောင်ရေသွန်းပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဝတ်အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများက ဒိုးပတ်တီးဝိုင်းတို့ဖြင့် ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြကာ ညောင်ရေသွန်းလောင်းပွဲသို့ တက်ရောက်လာကြသော ဧည့်ပရိတ် သတ်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က စတုဒိသာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။