ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့အား ဆက်သွယ်ထားသော ဧရာဝတီ မြစ်ကူး ဗလမင်းထင်တံတားအမှတ် (၂) တည်ဆောက်ရန်အတွက် ယခုနှစ်တွင် အကြိုအင်ဂျင်နီယာ လုပ်ငန်းများစတင် ဆောင်ရွက်လျက်ရှိကြောင်း တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့ (၁) ဒုတိယညွှန်ကြားရေးမှူးရုံး၊ တံတားအထူးအဖွဲ့(၁)ထံမှ သိရသည်။ ဗလမင်းထင်အမှတ် (၂) တံတား အကြိုအင်ဂျင်နီယာလုပ်ငန်းများနှင့် ပတ်သက်ပြီး တံတားအထူး အဖွဲ့(၁) ဒုတိယညွှန်ကြားရေးမှူး ဦးစောဇာနည်လှက ရန်ပုံငွေရရှိမှုမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေကျပ်သန်း (၁၀၀၀) ခွဲဝေချထားပေးခဲ့ပြီး ယခုနှစ်အတွက် ပင်မ တံတားရေလယ်တိုင် စမ်းသပ်ခြင်းလုပ်ငန်း၊ လမ်းပုံထုတ်တိုင်းတာခြင်း၊ မြစ်ရေစီးကြောင်းတိုင်းတာခြင်း လုပ်ငန်းများနှင့် မြေယာလျော်ကြေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောပြသည်။ လက်ရှိအသုံးပြုနေသော ဗလမင်းထင်တံတားကိုလည်း တံတားကြံ့ခိုင်မှုအားနည်းလာသဖြင့် တံတားသစ်ပြီးစီးပါက တံတားဟောင်းဘောင်ကို မြှောက်တင်ပြီး အကြီးစားပြင်ဆင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် အသွားလမ်း၊ အပြန်လမ်းအဖြစ် (၄)လမ်းသွားအဖြစ်အသုံးပြုနိုင်မည်ဖြစ်ကြောင်း တံတားအထူးအဖွဲ့(၁) ဒုတိယညွှန်ကြားရေးမှူးက ထပ်မံရှင်းပြသည်။အဆိုပါ တံတားအမှတ် (၂)ကို မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားကားလမ်းပေါ်ရှိ မြစ်ကြီး နားနှင့် ဝိုင်းမော်မြို့တို့ကို ဆက်သွယ်ထားပြီး လက်ရှိဗလမင်းထင်တံတား၏ အောက်ဖက် မီတာ(၄၀) အကွာတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ တံတားအရှည် (၃၂၁၂)ပေ (၉၇၉ မီတာ)ရှိပြီး သံကူ ကွန်ကရစ်ရေလည်တိုင်နှင့် ကမ်းကပ်ခုံ၊ Steel Truss ၊ Steel Box Girder and RCC Slab အမျိုး အစားတံတားဖြစ်ကာ တံတားအကျယ်မှာ ယာဉ်သွားလမ်း (၂၄)ပေ၊ လူသွားလမ်း တစ်ဘက်လျှင် (၃)ပေစီရှိပြီး ခွင့်ပြုအလေးချိန် ယာဉ်တစ်စီးချင်း (၇၅)တန် ဖြတ်သန်းသွားလာနိုင်ကြောင်းနှင့် တံတား သစ်စီမံကိန်း (၃)နှစ်ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။ လက်ရှိအသုံးပြုနေသော ဗလမင်းထင်တံတားသည် နှစ်ပေါင်း (၂၅)ခန့်ရှိနေပြီဖြစ်ပြီး ပြည်နယ် ၏ မြို့တော်မြစ်ကြီးနားမြို့သို့ ဗန်းမော်ခရိုင်နှင့် တရုတ်နိုင်ငံနယ်စပ်တို့မှ ကားများ ဖြတ်သန်းသွားလာရာ တံတားတစ်စင်းဖြစ်ပြီး ၂၀၁၈-၂၀၁၉ ကာလအတွင်း တံတားဖြတ်သန်းသွားလာမှု စစ်ဆေးကောက်ယူ ချက်အရ တစ်ရက်လျှင် ယာဉ်အစီးရေ (၃၀၀၀)ကျော်ခန့်သွားလာလျက်ရှိသဖြင့် ကချင်ပြည်နယ်အတွင်း အသုံးပြုမှုအများဆုံးဖြစ်သော တံတားတစ်စင်းလည်းဖြစ်သည်။