ဝိုင်းမော်မြို့နယ်အတွင်းရှိ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူတောင်သူများ ဘဝအဆင်ပြေစေရေး၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေးနှင့် အသင်းအဖွဲ့တည်ထောင်ဖွဲ့စည်းပေး

 ဝိုင်းမော်မြို့နယ်အတွင်းရှိ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူတောင်သူများ ဘဝအဆင်ပြေစေရေး၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေးနှင့် အသင်းအဖွဲ့တည်ထောင်ဖွဲ့စည်းပေး

မြစ်ကြီးနား     စက်တင်ဘာ ၃၀

          ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးနှင့် တောင်သူများဘဝ အဆင်ပြေစေရေး လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းပေးမှုများ ဆောင်ရွက်နိုင်ရေးအတွက် စက်တင်ဘာ ၃၀ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခခန်းမ၌ ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သူများအသင်းကို တည် ထောင်ဖွဲ့စည်းပေးခဲ့သည်။

          ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သူများအသင်း ဖွဲ့စည်းနိုင်ရေးအတွက် တောင်သူများ အား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့၏ တောင်သူများအနေဖြင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးတက်မြင့်မားအောင် ထုတ်လုပ်နိုင်ရေးနှင့် အခက်အခဲများ၊ နည်းပညာလိုအပ်ချက်များကို ဖြေရှင်းဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်၊ မိသားစုတစ်စု တည်းဖြင့် ရပ်တည်ဖြေရှင်းရန် ခက်ခဲသည့်အတွက် မဖြစ်မနေ အသင်းအဖွဲ့တစ်ခု တည်ထောင် ဖွဲ့စည်းသွားရန်လိုအပ်ကြောင်း၊ သို့မှသာ မိမိတို့တောင်သူများ၏ လိုအပ်ချက်များကို ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ စိုက်ပျိုးရေးနှင့်သက်ဆိုင်သည့် အသင်းအဖွဲ့များနှင့် ညှိနှိုင်းပေါင်းစပ်ပြီး ပံ့ပိုးကူညီ ပေးသွားနိုင်မည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီး ဌာနတို့မှ ပြည်နယ်ဦးစီးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူများနှင့် အသင်းအဖွဲ့ တည်ထောင်နိုင်ရေးအတွက် လိုအပ်ချက်များ၊ အသင်းတည်ထောင်ပြီးစီးပါကပေါင်းစပ်ဆောင်ရွက် နိုင်သည့်ကိစ္စရပ်များ၊ စိုက်ပျိုးရေးနည်းပညာလိုအပ်ချက်များ၊စိုက်ပျိုးရေရရှိရေး၊ မြေသြဇာဈေးနှုန်း မြင့်တက်မှုအပေါ် ဖြေရှင်းဆောင်ရွက်ပေးရန်ကိစ္စရပ်များ၊ ထုတ်ကုန်များကို တင်ပို့ရောင်းချရန်ကိစ္စ ရပ်များနှင့် လိုအပ်ချက်များကို ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အသင်းတည်ထောင်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့မှ မတည်ငွေသိန်း ၂၀ လှူဒါန်းပေးပြီး မူဝါဒလုပ်ငန်းစဉ်ချမှတ်၍ အသင်းဖွဲ့စည်းတည်ထောင်နိုင်ရေး၊ အသင်းအဖွဲ့လိုင်စင်ချထားပေးနိုင်ရေးနှင့် တောင်သူများ၏ လိုအပ်သည်များကို ကွင်းဆင်းစိစစ်၍ ဆောင်ရွက်ပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်း စပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။